26/05/2025
မှန်နံရံနှင့် Air Con
~~~~~~~~~~~~~~
ရန်ကုန်မြို့ရဲ့ Air Con Service လုပ်ငန်းတွေမှာ မကြာခဏတွေ့ကြုံရတဲ့ ပြဿနာတခုကတော့ မှန်နံရံတွေနဲ့ ကာရံထားတဲ့ အိမ်(သို့) ရုံးခန်း (သို့)အရောင်းပြခန်းတွေမှာတပ်ဆင်ထားတဲ့ Air Con တွေဟာလုံလောက်တဲ့ အေးမြမှုကို မပေးနိုင်တာပါပဲ။
ဒါဟာ အခန်းကထွက်ရှိတဲ့အပူ ပမာဏများပြားပြီး Air Con ရဲ့အပူ စုပ်ယူနိုင်စွမ်း(cooling capacity) နည်းပါးနေလို့ ဖြစ်ပါတယ်။
တနည်းအားဖြင့်ပြောရရင် Air Con တပ်ဆင်ချိန်က အခန်းရဲ့ အပူ ထွက်ရှိတဲ့ ပမာဏ (cooling load) ကို ခန့်မှန်းတွက်ချက်ရာမှာ လွဲချော် ခဲ့လို့ဖြစ်ရတာပါ။
ဒီလိုဖြစ်ခဲ့ရင် service တိုင်းက Air con အသေးနဲ့အကြီး လဲလှယ် တပ်ဆင်ပေးတာတွေ။ Air con အလုံးရေ ထပ်တိုးတပ်ဆင်ပေးတာတွေနဲ့ ဖြေရှင်းကြပါတယ်။
ဒါပေမယ့် ဒီလိုမျိုးဖြေရှင်းရပြီဆိုကတည်းက customer ရဲ့ ယုံကြည်မှု ကိုလက်လွတ်ဆုံးရှုံးလိုက်ရပါပြီ။ နောက်တကြိမ် ဒီ customer ဟာ ကိုယ့်ရဲ့ service ကို သုံးမသုံးဆိုတာမသေချာတော့ပါဘူး။
ဒါ့ကြောင့် မှန်နံရံတွေကာရံထားတဲ့ ရုံးခန်း၊ အရောင်းပြခန်း၊ super market ၊ စားသောက်ဆိုင် အစရှိတဲ့ အဆောက်အဦးတွေမှာ အပူထွက်ရှိမှု (cooling load) ကိုအနီးစပ်ဆုံးမှန်ကန်အောင်တွက်ချက်နိုင်ဖို့လိုပါတယ်။
Cooling Load တွက်ချက်ခြင်း
~~~~~~~~~~~~~~~~~~~~~~
အခန်းကထွက်ရှိတဲ့အပူပမာဏ (cooling load) ကို တွက်ချက်ရာမှာ အတိအကျတွက်နိုင်ဖို့ဆိုရင် ကိုယ်နေတဲ့မြို့ရဲ့ အပူချိန်တွေ၊ စိုထိုင်းဆတွေ၊နေရောင်ခြည်စွမ်းအင် ရရှိမှုတွေ၊ အိမ်နံရံကိုတည်ဆောက်ထားတဲ့ အုတ်အမျိုးအစားတွေ၊ အုတ်အထူတွေ၊ ကာရံထားတဲ့ မှန်အမျိုးအစားတွေ၊ အခန်းထဲက စက်ပစ္စည်းတွေ၊ လူတွေ၊ hotpot ဆိုင်တွေဆိုရင်လည်း hotplate ကထွက်လာမယ့် heat တွေ စသည်ဖြင့် အချက်အလက်အတော်များများကိုထည့်သွင်းစဉ်းစားပေးရပါတယ်။
မြန်မာပြည်မှာတော့ လိုအပ်တဲ့အချက်အလက်တွေနဲ့ စာရင်းဇယားတွေ ရဖို့အခက်အခဲရှိပါတယ်။
ဒါ့ကြောင့် Air con တပ်ဆင်သူ အတော်များများက rule of thumb လို့ခေါ်တဲ့ အလွယ်နည်းကိုသုံးကြပါတယ်။
မြန်မာပြည်မှာ အသုံးများတဲ့ အလွယ်နည်းတခုကတော့ ၁၀ ပေ ပတ်လည်ကို မြင်းကောင်ရေ ၁ ကောင်အားတပ်ဆင်တာပါ။
အခုနောက်ပိုင်း အင်တာနက် အသုံးပြုမှုများလာတော့ cooling load တွက်တဲ့ software တွေပေါ်လာပါတယ်။ ဒါပေမယ့် အဲဒီ့ software တွေကလည်း အလွယ်နည်းကိုပဲ software သွင်းထားတာတွေဖြစ်တဲ့အတွက် အတိအကျ မရနိုင်ပါဘူး။
ဒါပေမယ့်အဲဒီ့အလွယ်နည်းတွေကပဲ Air con တပ်ဆင်မှုတွေရဲ့ ၉၀% ကျော်လောက်ကို အဆင်ပြေစေတဲ့ အတွက် air con service တွေဟာ အလွယ်နည်းတွေနဲ့ software တွေကိုပဲ အားထား သုံးစွဲနေကြပါတယ်။
အလွယ်နည်းတွေကိုအသုံးပြုပြီး မှန်နံရံကာရံထားတဲ့ အခန်းတွေရဲ့ cooling load ကိုတွက်ချက်မိရင်တော့ အများကြီးလွဲမှား နေတဲ့အတွက် Air con မအေးတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်လာပါတယ်။
အုတ်နံရံနှင့် မှန်နံရံ
~~~~~~~~~~~~~~
အရင်ကတော့အိမ်နံရံတွေကို အုတ်နဲ့ ကာရံကြပြီး ပြူတင်းပေါက်ကိုပဲ မှန်သုံးကြပါတယ်။ အခုနောက်ပိုင်းတချို့ အဆောက်အဦးတွေက မှန်နံရတွေနဲ့ကာရံလာကြပါတယ်။ အထူးသဖြင့် show room တွေ ။ ရုံးခန်းတွေ။ supermarket တွေမှာ မှန်နံရံကိုသုံးလာပါတယ်။
အုတ်နံရံကို ကျရောက်တဲ့ နေရောင်ခြည်ရဲ့ ၂၀ % ဝန်းကျင်ဟာ အလင်းပြန်(reflection) သွားပါတယ်။
၈၀% ဝန်းကျင်ကိုတော့ နံရံက အပူစုပ်ယူ ထားလိုက်ပါတယ်။ အဲဒီ့အပူကို နံရံက အခန်းအတွင်းနဲ့ အပြင်ကို ပြန်ပြီးအပူစီးကူးစေပါတယ်။
အဲဒီ့လိုအပူစီးကူးစေရာမှာ အပြင်ကိုပြန်စီးကူးသွားတဲ့ အပူက ပိုများပါတယ်။ပြင်ပလေက လှုပ်ရှားနေတဲ့လေ(moving air) ဖြစ်ပြီး အခန်းထဲက လေက လေငြိမ်(still air) ဖြစ်လို့ပါ။
ပုံမှန်ဆိုရင် အခန်းတွင်းရောက်သွားတဲ့အပူဟာ အပြင်ပြန်ထွက်သွားတဲ့အပူရဲ့ထက်ဝက်လောက်ပဲရှိပါတယ်။ နံရံထူရင် အခန်းထဲရောက်သွားတဲ့အပူ ပိုနည်းပါတယ်။
ဒါ့ကြောင့် အုတ်နဲ့ကာရံထားတဲ့အခန်းတွေဟာ နေရောင်ခြည်ရဲ့ အပူပမာဏ 25% ကနေ 30% ကြား လောက် အပူခံစားရတယ်လို့ ပြောနိုင်ပါတယ်။
မှန်နံရံတွေကတော့ မှန်အကြည်ကိုသုံးမယ်ဆိုရင် နေရောင်ရဲ့8% လောက်အလင်းပြန်ပါတယ်။မှန်အမျိုးအစားနဲ့ အထူအပါးပေါ်လိုက်ပြီး 5% ကနေ 50% လောက်အထိ မှန်နံရံကအပူစုပ်ထားပါတယ်။ကျန်တဲ့အပူတွေကတော့ မှန်နံရံကိုဖောက်ထွင်းပြီး အခန်းထဲကိုရောက်သွားပါတယ်။
မှန်နံရံကစုပ်ယူထားတဲ့အပူတွေရဲ့ သုံးပုံနှစ်ပုံဟာ အပြင်လေထုထဲကိုပြန်လည်ရောက်ရှိသွားပြီး သုံးပုံတပုံလောက်ကတော့ အခန်းလေထုထဲကိုရောက်ရှိသွားပါတယ်။
ဒါ့ကြောင့်အခန်းထဲရောက်သွားမယ့်အပူပမာဏကိုတွက်ကြည့်ရင် 88.67%(87+1.67) အများဆုံဖြစ်ပြီး 58.67%(42+16.67) အနည်းဆုံးဖြစ်နေတာတွေ့ရပါတယ်။
ဒါ့ကြောင့် မှန်နံရံနဲ့ကာရံထားတဲ့ အခန်းတွေဟာ နေရောင်ခြည်ရဲ့အပူကို အုတ်နံရံအခန်းတွေထက် ၂ ဆကနေ ၃ ဆအထိ ခံစားရတယ်လို့ ပြောနိုင်ပါတယ်။
လိုက်ကာ နှင့် စတစ်ကာ
~~~~~~~~~~~~~~~~
တချို့တွေကတော့အပူဒဏ် သက်သာအောင် စတစ်ကာနဲ့ လိုက်ကာကို သုံးကြပါတယ်။
လိုက်ကာကို သုံးရင် မှန်ကိုဖြတ်သန်းလာတဲ့နေရောင်ခြည်ဟာ လူပေါ်ကိုမကျတော့ပဲ လိုက်ကာပေါ်ကျပါတယ်။ ဒါပေမယ့် လိုက်ကာကနေ အခန်းလေထုထဲကို အပူရောက်ရှိသွားတဲ့အတွက် အခန်းလေထုရဲ့ အပူပမာဏက လျော့နည်းသွားမှု မရှိပါဘူး။ အခုဆိုရင်တော့ တိုးတက်လာတဲ့ ခောတ်ရေစီးကြောင်းအရ soundproof/ heatproof curtain တွေရရှိနိုင်တဲ့အတွက် အပူဒဏ်ကိုအတိုင်းအတာ တခုအထိ သက်သာစေပါတယ်။
စတစ်ကာကို အခန်းအပြင် ကကပ်ရင် စတစ်ကာက နေရောင်ရဲ့ တစိပ်တပိုင်းကိုစုပ်ယူလိုက်ပါတယ်။ ပြီးတော့ အဲဒီ့အပူတွေကိုပြင်ပလေထုဆီကိုပြန်စီးကူးစေတဲ့အတွက် စတစ်ကာကပ်ရင်လည်း အပူဒဏ်ကိုအတိုင်းအတာ တခုအထိ သက်သာစေပါတယ်။
ဂရုပြုရမှာက စတစ်ကာကိုအတွင်းက ကပ်မိရင်တော့ စတစ်ကာကစုပ်ယူလိုက်တဲ့အပူတွေဟာ အခန်းလေထုထဲရောက်လာပါလိမ့်မယ်။ဒါ့ကြောင့် အခန်းလေထုက ခံစားရတဲ့အပူဒဏ် ကပြောင်းလဲမှုမရှိနိုင်ပါဘူး။
အကြံပြုချက်
~~~~~~~~~
မှန်နံရံ(အကြည်) တွေနဲ့ကာရံ ထားတဲ့အခန်းတွေအတွက် air con ဒီဇိုင်းလုပ်ရင် အုတ်နံရံအခန်းတွေထက် အနည်းဆုံး ၂ ဆကနေ ၃ ဆအထိ ပမာဏပိုများတဲ့ air con စက်တွေကိုတပ်ဆင်ပေးမယ်ဆိုရင် အအေးဓာတ်လုံလောက်မှုရှိမှာပါ။
ဆရာဦးကျော်သက်အောင်
AATC Air-conditioning Training Center
#မီတာစားနှုန်းအသက်သာဆုံးတာဆာကီကိုသုံး
#ထိုင်းနိုင်ငံအခြေစိုက်ပြည်တွင်းသုံးအဲကွန်းတာဆာကီ