27/09/2024
အုန်းဆီ (Coconut Oil) အကြောင်းလေးလည်း ဖတ်ကြည့်နော်။
#အုန်းဆီ (Coconut Oil)
**********************
အုန်းဆီအကြောင်းပြောမယ်လို့ စဉ်းစားလိုက်တော့ ငယ်ငယ်က အဘွားနှင့် အတူနေရတာကို ပြန်သတိရမိတယ်။ ကလေးအရွယ် အိမ်မှာ အဖေရောအမေပါ အလုပ်သွားတော့ ကျွန်မတို့ မောင်နှမတတွေ အဘွားနှင့် တစ်နေကုန် နေရလေ့ရှိတယ်။ အဘွားချက်ကျွေးစားသည်ကို အားပါးတရ စားကြသည်။ အဘွားက မြန်မာမုန့် အကုန်လုပ်တတ်တယ်။ အဲ့ဒီမှာ ဘာသတိထားမိလဲဆို- အဘွားက အုန်းနို့ကို အုန်းဆီ ချက်ထားပြီး ထမင်းနှင့် စားလေ့ရှိတာပါ။
အဲ့အချိန်က ကျွန်မတို့ အိမ်နောက်ဘေးမှာ အုန်းပင်တစ်ပင်ရှိတယ်။ အုန်းသီး အမြဲသီးပြီး အဘွားက အုန်းနို့ယူပြီး အုန်းဆီချက်လေ့ရှိတယ်။ အုန်းနို့ကို မီးသွေးမီးဖိုမှာ မီးအေးအေးနှင့် ခမ်းအောင်တည်ပြီး အုန်းဆီနှစ်ကလေးတွေ ရလာတဲ့အထိ ချက်တာပါ။ အုန်းဆီနှစ်ဝါဝါလေးတွေကို ဆနွင်းမကင်းမုန့် အစရှိသည့် မုန့်တွေမှာ အပေါ်ကနေလဲ ဖြူးစားလေ့ရှိပါတယ်။ အဘွားက အဲ့လိုစားရင် ကျွန်မတို့ကလေးတွေလည်း လိုက်စားကြသည်။
စားလို့အရမ်းကောင်းတာကိုတော့ အခုထိသတိတရ ရှိနေတယ်။ အဖေကတော့ သိရင် ဆူလေ့ရှိပါတယ်။ အဘွားက သွေးတိုးရှိတယ်လေ။
တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း အုန်းဆီစားသုံးတဲ့အခါ ကောင်းကျိုးဆိုးကျိုးတွေကို လေ့လာ ကြည့်ရအောင်နော်။
ဒါကြောင့် ကျွန်မတို့နှင့် အလွန်နီးစပ်တဲ့ အုန်းဆီအကြောင်းလေးကို ဒီတပတ်အတွက် တင်ဆက်ပေးပါ မယ်နော်။
MCT Oil အကြောင်းရေးတည်းက တဆက်တည်း အုန်းဆီအကြောင်း ရေးမယ်လို့ စိတ်ကူးခဲ့ပါတယ်။ အုန်းဆီသည် Medium-chain Triglycerides အများစု ပါသောဆီဖြစ်လို့ ကျန်းမာရေးလိုက်စားသူများနှင့် အားကစား သမားများ အတွက် အားထားရာဆိုတာ သိခဲ့ကြပြီးဖြစ်တယ်နော်။
အုန်းဆီထဲတွင် Medium-chain Triglycerides (MCT) များ ဖြစ်ကြသော
• caprylic acid - C 8-0 : (8%) ,
• capric acid - C 10:0 (7%) ,
• lauric acids - C 12:0 (49%), နှင့်
Long-chain Triglycerides (LCT) များဖြစ်ကြသော
• myristic acid - C 14:0 (8%),
• palmitic acid - C 16:0 (8%),
• stearic acid - C 18:0 (2%)
• oleic acid - C 18:1 (6%) and
• linoleic acid - C 18:2 (2%) တို့ပါဝင်သည်ကိုတွေ့ရှိနိုင်ပါသည်။
အထူးသဖြင့် အုန်းဆီထဲတွင် Lauric acids C12:0 သည် ၄၀-၅၀ ရာခိုင်နှုန်းနီးပါး ပါဝင်သည်ကိုတွေ့ရသောကြောင့် အုန်းဆီသည် Lauric Acids အုပ်စုဝင်ဆီအမျိုးအစားဖြစ်ပါသည်။
ထို့ပြင် အုန်းဆီသည် ပြည့်ဝဆီရာခိုင်နှုန်းများသောကြောင့် ပြည့်ဝဆီအုပ်စုဝင် ဆီအမျိုးအစား ဖြစ်သော်လည်း ကျန်းမာရေးနှင့်ညီညွတ်သော MCT Oil ပါဝင်မှုများသောကြောင့်လည်း ဆေးအဖြစ် စားသုံးသင့်သည့် ဆီဖြစ်ပါသည်။
ယခုနောက်ပိုင်းတွင် Cold- pressed နည်းဖြင့်ပြုလုပ်ထားသော Virgin Coconut Oil ကိုလည်း ကျွန်မတို့ စျေးကွက်တွင် တွေ့ရှိလာရပြီး စျေးကြီးပေး၍ စားသုံးလာကြပြီ ဖြစ်ပါသည်။
အုန်းဆီကို ဟင်းချက်ဆီ အဖြစ်ထက် ဆေးအဖြစ်သာ စားသုံးသင့်ပါသည်။
ပြည့်ဝဆီပါဝင်မှု များသောကြောင့် လိုသည်ထက်ပိုစားပါက နှလုံးရောဂါ အန္တရာယ်ရှိပါသည်။ အုန်းဆီကို ဆံပင်၊ အသားအရေ စသည့် အလှအပရေးရာများတွင်လည်း အသုံးပြုနိုင်ပါသည်။
အုန်းဆီသည် Smoke Point မြင့်မားပြီး အခန်းအပူချိန်တွင် အခဲအနေဖြင့်ရှိနေနိုင်ပါသည်။ ပြည့်ဝဆီဖြစ်သောကြောင့် အပူချိန်မြင့်မြင့်ကို ခံနိုင်ရည်ရှိပါသည်။ အုန်းဆီသည် အနံ့၊ အရသာ ပြည့်စုံသောကြောင့် မုန့်လုပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။
ဒါဆို အုန်းဆီရဲ့ ကောင်းခြင်း၊ဆိုးခြင်းတွေကို အခုသိရှိပြီးဖြစ်လို့ ဉာဏ်ဖြင့်ဆင်ခြင်စားသုံးနိုင်ကြစေရန် တင်ဆက်လိုက်ပါတယ်။
photo: from internet
#ဆီအကြောင်းပြောကြမယ်