11/09/2020
ကားတွေအတွက်အရေးပါလှတယ့် Battery အကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကားတစ်စီးစက်နှိုးပြီး အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့၊ ကားဘက်ထရီ အားအပြည့်အဝရှိဖို့ အရေးကြီးပါတယ်။
ဘက်ထရီမကောင်းရင် ဘာမှမလုပ်နိုင်ပါဘူး။ ဘက်ထရီပြဿနာ တစ်ခုခုပေါ်တာနဲ့ စိတ်ညစ်ရတာ ကားသမား တွေပါပဲ။
ဘက်ထရီ Down သွားလို့ ကားစက်နှိုးမရရင် ဘက်ထရီထောက်နှိုးအိုး သွားရှာပြီး ငှားရတာမလွယ်ပါ ဘူး။
ဘက်ထရီကောင်းမှ ခွန်အားရှိတဲ့ ကားတစ်စီးဖြစ်ပါတယ်။
ဘက်ထရီပြဿနာကြောင့် ယာဉ်မောင်းဆရာများ အခက်အခဲမရှိရလေအောင် ဘက်ထရီကိုထိန်းသိမ်းဖို့ ဂရုစိုက် စစ်ဆေးဖို့လိုပါတယ်။
ဘက်ထရီကို ဘာမှမလုပ်ပေးပဲ ဒီအတိုင်း မေ့မေ့လျော့လျော့ပစ်ထားပြီး ဆက်တိုက်သုံးနေမယ်ဆိုရင်
တစ်နေ့မှာ ဘက်ထရီအားမရှိတဲ့ ပြဿနာမျိုး၊ စက်နှိုးမရတဲ့ ဒုက္ခမျိုးကြုံရပါလိမ့်မယ်။
ဘက်ထရီ ခေါင်းချောင်နေတာ၊ ဘက်ထရီကြိုး အဆက်မကောင်းတာ၊ ဘက်ထရီငုတ်တွေမှာ အဖြူရောင်ဆားပွင့်နေတာ၊ ဘက်ထရီအက်ဆစ် မိုးရေခန်းခြောက်ကုန်တာ၊ ဘက်ထရီအိုးပူတာ၊ ဘက်ထရီခေါင်းပူပြီး မီးပွားထပွင့်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဘက်ထရီအားမရှိတဲ့ ကားတစ်စီးဟာ လုပ်ငန်းဆောင်တာတွေကို ဘာမှမလုပ်နိုင်တော့ပါဘူး။ ကားအင်ဂျင်စက်နှိုးဖို့၊ ကားမီးတွေထွန်းဖို့၊ မီးပေးစနစ်အလုပ်လုပ်ဖို့၊ ကွန်ပျူတာထိန်းချုပ်ယူနစ်ကို ပါဝါထောက်ပံ့ဖို့၊ ကားဟွန်း၊ ပါဝါ ဝင်းဒိုး၊ ဝိုင်ဘာ၊ ပါဝါစတီယာရင်တွေ ကစားနိုင်ဖို့၊ ကား Air Con ဖွင့်ဖို့၊ TV , DVD, Player ရေဒီယိုတွေ အလုပ် လုပ်ဖို့ ကားဘက်ထရီမှ ပါဝါကိုအသုံးပြုပါတယ်။ ဘက်ထရီအားကုန်နေတဲ့ ကားတစ်စီးဟာ အသက်မရှိတဲ့ ကား တစ်စီးပါပဲ။
ဘက်ထရီအားကုန်နေရင် ပထမဆုံးအဆင်မပြေဖြစ်တာက မနက်ပိုင်းကားစက်နှိုးမရတဲ့ အခက်အခဲပါပဲ။ ဓာတ်ဆီကားဆိုရင် လူအားနဲ့ဝိုင်းတွန်းပြီး နှိုးလို့ရပါသေးတယ်။ ဒီဇယ်ကားဆိုရင်တော့ တွန်းနှိုးဖို့မလွယ်ပါဘူး။ Auto ဂီယာနဲ့ ကားဆိုရင်တော့ တွန်းနှိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
မနက်ပိုင်း ကားစက်နှိုးမယ်ဆိုကာမှ ဘက်ထရီ Down နေတာ ဘာကြောင့်လဲ။
ဘက်ထရီတစ်လုံး အားပြန်ပြည့်နေဖို့ ဒိုင်နမိုခေါ် Alternator က Charging အားသွင်းပေးနေရပါတယ်။ Charging အားသွင်းစနစ်ကောင်းမှ ဘက်ထရီကို Charging ပြန်သွင်းနိုင်ပါတယ်။ အင်ဂျင်လည်အားကြောင့် ဒိုင်နမိုလည်ပတ်ပြီး D.C လျှပ်စစ်စီးကြောင်းက ဘက်ထရီကို အားသွင်းပေးပါတယ်။
ဘက်ထရီဆိုတာ လျှပ်စစ်စွမ်းအားပါဝါတွေကို ဓာတုစွမ်းအင်အဖြစ် သိုလှောင်ထိန်းသိမ်းထားနိုင်တဲ့အရာဖြစ်ပါတယ်။ ဒီလိုမျိုးစွမ်းအင်ပါဝါတွေ ထိန်းသိမ်းထား နိုင်ဖို့ ဘက်ထရီပလိပ်ပြားတွေကောင်းရပါတယ်။ ဘက်ထရီအိုးထဲမှာရှိတဲ့ အက်ဆစ်လျှပ်လိုက်ရည်ရဲ့ သိပ်သည်းဆ ဒီဂရီမှန်ရပါတယ်။ ဘက်ထရီတစ်လုံးက ပါဝါစွမ်းအင်တွေ ထုတ်ယူသုံးတာကို Discharging လုပ်တယ်လို့ ခေါ်ပြီး အားပြန်သွင်းတာကို Charging လုပ်တယ်လို့ခေါ်ပါတယ်။
ကားတစ်စီးမှာရှိတဲ့ ဘက်ထရီတစ်လုံးဟာ လည်ပတ်အလုပ်လုပ်နေရင် Charging ဖြစ်စဉ်နဲ့ Discharging ဖြစ်စဉ်ဟာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေ တတ်ပါတယ်။ ဓာတုပြောင်းလဲမှုဖြစ်စဉ်တွေ အဆက်ပြတ်ဖြစ်နေပေါ်နေတဲ့ ကားဘက်ထရီတစ်လုံးရဲ့ လျှပ်စစ်ပါဝါစွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေဟာ ဘက်ထရီထဲမှာရှိတဲ့ ခဲပလိပ်ပြားတွေနဲ့ ဆာလ်ဖြူရစ်အက်ဆစ် ပြင်းအား အပေါ်မှာပဲ မူတည်နေပါတယ်။ အားပြည့်နေတဲ့ ဘက်ထရီတစ် လုံးရဲ့ အက်ဆစ်သိပ်သည်းဆပြင်းအားပမာဏ ဟာ (1.180 ) လောက်ရှိပါတယ်။ အခန်း ၆ ခန်းပါတဲ့ ဘက်ထရီတစ်လုံးဟာ ဗို့အား 12Volt ပဲ ထွက်ပါတယ်။
ဘက်ထရီအိုး Size ကြီးကြီး၊ သေးသေးအားလုံး 12Volt ပဲ ထွက်ပါတယ်။ ဘက်ထရီတစ်လုံးရဲ့ စွမ်းအင်ပမာဏ ကို အမ်ပီယာနာရီ နဲ့ဖော်ပြပါတယ်။ ဥပမာ 60 Amh, 70Amh,100Amh,120Amh ဆိုပြီး ဖော်ပြတဲ့ နေရာမှာ ဘက်ထရီအိုးကြီးတဲ့ အလုံးကပလိပ်ပြားအရွယ်အစားကြီးပြီး အချပ်ရေများတဲ့အတွက် အမ်ပီယာများများ ထုတ် ပေးနိုင်ပါတယ်။ ဒီဇယ် အင်ဂျင်သုံးကားတွေမှာ အမ်ပီယာများများထွက်တဲ့ ဘက်ထရီအိုးအကြီး ကိုသုံးရပါ တယ်။
ဒီဇယ်အင်ဂျင်ကို လှည့်ပေးရတဲ့မော်တာက အားကောင်းဖို့အတွက် Ampere များများလိုပါတယ်။
ကားဘက်ထရီတစ်လုံး အားအပြည့်ရှိနေဖို့ ဒိုင်နမိုCharging အားသွင်း စနစ်ကောင်းရပါတယ်။ Alternator တစ်လုံး ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းရပါတယ်။ ပန်ကာကြိုးချောင်တာ၊ ပန်ကာကြိုးမကောင်းတာ၊ ကြိုးတင်းအား လျော့နေလျှင်လည်း အင်ဂျင်လည်သလောက် ဒိုင်နမိုမူလီ လိုက်မလည်နိုင်တာကြောင့် အားအဝင်နည်းတတ်ပါတယ်။ အင်ဂျင်လည်အားနဲ့ လည်ပတ်တဲ့ Alternator က D.C လျှပ်စစ်ထုတ်လုပ်ပေးပြီး၊ ဘက်ထရီကို Charging သွင်းပေးပါတယ်။ ကားတစ်စီးလည်ပတ် အလုပ်လုပ်နေစဉ်မှာ လိုအပ်တဲ့ လျှပ်စစ်ပါဝါများကိုလည်း Alternator က ထုတ်လုပ်ပေးပါတယ်။
အင်ဂျင်လည်ပတ် Speed အမျိုးမျိုးနဲ့ ကားတစ်စီးလုံးမှာလိုအပ်တဲ့ လျှပ်စစ်ပမာဏ ကို လိုသလောက်သာထုတ်ပေးနိုင်ဖို့ Cut out Regulator သို့မဟုတ် I.C က ထိန်းကျောင်းပေးပါတယ်။ အားပြည့်နေတဲ့ ဘက်ထရီကို Over Charging မဖြစ်အောင်လည်း I.C Regulator က ထိန်းကျောင်းပေးပါ တယ်။
ဒိုင်နမို(သို့မဟုတ်) Alternator မှာ ချွတ်ယွင်းအားနည်းချက်အပြစ် တစ်ခုခုရှိနေလို့ လျှပ်စစ်ပါဝါထုတ်လုပ်ပေးတာ နည်းသွားပါတယ်။
ကားစက်ရပ်လိုက်တဲ့အချိန်မှာ ဘက်ထရီမှာ အားပြန်မပြည့်သေးပါဘူး။ နောက်တစ်နေ့ မနက်မှာ ကားစက်နှိုးမယ်လုပ်တော့ ဘက်ထရီထဲမှာ အားမရှိဖြစ်နေတက်ပါတယ်။ ဘက်ထရီကောင်းနေပါလျက် အားမရှိတာ Charging မဝင်လို့ ဖြစ်ပါလိမ့်မယ်။ ဒိုင်နမိုမော်တာပြင်တဲ့ ဆိုင်မှာစစ်ဆေးကြည့်ပါ။ ဒိုင်နမိုကို ဖြုတ်ပြီး ဆားဗစ်ဝင်လုပ်ပါ။ မကောင်းတဲ့အပိုင်းပြင်ပါ။ ပစ္စည်းလဲပေးပါ။ ဒိုင်နမိုCharging သွင်းပေးတဲ့ Ampere မှန် နေဖို့လိုပါတယ်။ Over Charging ဖြစ်နေလျှင် ဘက်ထရီအိုးပွတ်ပွတ်ဆူလာပြီး သက်တမ်းတိုစေပါတယ်။
မနက်စောစော ကားစက်နှိုးလို့မကောင်းတာ ဘက်ထရီကြောင့်လား၊ မော်တာကြောင့်လား ခွဲခြားနိုင်ဖို့လိုပါ တယ်။ ဘက်ထရီကောင်းနေပါလျက် မော်တာမကောင်းလျှင်လည်း မော်တာဆွဲအားကျပြီး စက်နှိုးရထိုင်းနေ တက်ပါတယ်။
မော်တာကာဗွန်တိုနေသလား။ ဘက်ထရီခေါင်းလွတ်နေသလား။ ဘက်ထရီကြိုး ချောင်နေသ လား။
ဘက်ထရီဘာကြောင့် ဒေါင်း(Down) သွားရတာလဲ။ ချာဂျင်ဝင်အား မကောင်းတာလား။ Charging Ampere တိုင်း ကြည့်ပါ။ Altenotor မှာ ဒိုင်နမိုတွေမကောင်းလား။ ကာဗွန်တိုပြီး ရိုတာမှာ သံလိုက်အားနည်းနေတာလား။ Altenotor မီးထွက်အားနည်းတတ်ပါတယ်။
ဘက်ထရီမကောင်းတာလား။ သက်တမ်းကြာနေပြီလား။ မိုးရေအက်ဆစ်ခန်းပြီး ဘက်ထရီပလိပ်ပြား အဆက်အသွယ် ကောင်းကောင်းထိမိသလား။ စစ်ဆေးပါ။ ညဘက်၊ ကားပြန်သိမ်းပြီး ကားမီးတွေမေ့ပြီး ဖွင့်ထားခဲ့သလား။
ဘက်ထရီအခြေအနေ ကောင်း/မကောင်း ဘယ်လိုစမ်းသပ်မလဲ။ ကားမီးကြီးဖွင့်ကြည့်ပါ ဟွန်းတီးကြည့်ပါ။ ကားဟွန်းသံကျယ်လောင်ရမယ်။ မီးရောင်တွေ လင်းထိန်ပြီး အားကောင်းရမယ်။ ဝိုင်ဘာမော်တာပါ ဖွင့်ကြည့်နိုင်ပါတယ်။
ဘက်ထရီအားမထိန်းလို့ အခြေအနေမကောင်းရင် မော်တာတစ်ချက်ဆွဲကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒစ်ဂျစ်တယ်မီတာရှိလျှင် တိုင်းကြည့်ပါက ပိုပြီးတိကျပါတယ်။ အားပြည့်တဲ့ ဘက်ထရီဆိုရင် 12.66V ရှိပါတယ်။ 12.40V လာက်ရှိတယ်ဆိုရင်တော့ ဘက်ထရီအားလျော့နေပါပြီ။ 12.24V ပဲပြတယ်ဆိုရင်တော့ ဘက်ထရီ အား ထက်ဝက်လောက်ပဲကျန်ပါတယ်။ 12V လာက်ပဲ ပြနေရင်တော့ အားမရှိတော့ပါဘူး။ အားမရှိတဲ့ ဘက် ထရီကို ကိုယ်ပိုင်အားသွင်းစက်ရှိလျှင် သွင်းပါ။ (သို့မဟုတ်) ဘက်ထရီအားသွင်းဆိုင်ကို ပို့ပြီး ၅ နာရီခန့် အား သွင်းပါ။ ဘက်ထရီအခန်းတိုင်း အက်ဆစ် Level ညီပါစေ။
ဘက်ထရီဆိုင်မှာ Load Tester နဲ့ ထောက်တိုင်းကြည့်လျှင်လည်း ဘက်ထရီအားရှိမရှိ သိနိုင်ပါတယ်။
ကာတစ်စီးမှာရှိတဲ့ ဘက်ထရီကိုထိန်းသိမ်းဖို့ တာဝန်ကယာဉ်မောင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ဘက်ထရီနဲ့ပတ် သက်ပြီး ဒါတွေကိုဂရုစိုက် လုပ်ဆောင်ပေးပါ။
- ဘက်ထရီကြိုး၊ ဘက်ထရီကေဘယ်ကြိုး Lug ခေါင်းတွေ တင်းကျပ်နေပါစေ။ ဘက်ထရီခေါင်းတွေ မချောင်ပါ စေနဲ့။ နတ်ခေါင်းတွေ တင်းကျပ်ပေးပါ။ ခေါင်းချောင်နေလျှင် မထိတထိဖြစ်ပြီး မီးပွား(Spank) ပွင့်ရာကနေ မီးလောင်တက်ပါတယ်။
- ဘက်ထရီအိုးကိုဖမ်းထားတဲ့ ဘရတ်ကက်နဲ့ Nut တွေ တင်းကြပ်နေပါစေ။
- မိုးရေအက်စစ် Level ကို ဂရုစိုက်ပါ။ ပလိပ်ပြားပေါ်နေအောင်အထိ အက်ဆစ် Level ကို မကျပါစေနှင့်။ မိုးရေ ထပ်ဖြည့်ပေးပါ။
- ဘက်ထရီငုတ်တွေ၊ ဘက်ထရီခေါင်းတွေကြားမှာ ဆားပေါက်နေခဲ့လျှင် ဆေးကြောသန့်ရှင်းပေးပါ။
- ဘက်ထရီအိုး ပွတ်ပွတ်ဆူသည်အထိ Over-Charging မဖြစ်ပါစေနှင့်။ အိုးနာပါတယ်။ ပလိပ်ပြားတွေ ခဏ လေးနဲ့သက်တမ်းကုန်စေပါတယ်။
- ချာဂျင်အားဝင်တာ မှန်ပါစေ။ အားဝင်နေတဲ့ဗို့အားက 13.8V ကနေ 14.3V လောက်ပဲ ရှိသင့်ပါတယ်။
- ဘက်ထရီအခန်း ၆ ခန်းစလုံး အက်ဆစ်ပြင်းဒီဂရီ ညီညာနေဖို့ လိုပါတယ်။ ဘက်ထရီဆိုင်မှာ စစ်ဆေးပါ။
- ဘက်ထရီများအားပြည့်၊ မပြည့် မီးခတ်ပြီးစမ်းပါတယ်။ အားသွင်းထားတဲ့ ဘက်ထရီအခန်းတွေထဲမှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နှင့် အောက်ဆီဂျင်ဓာတ်ငွေ့တွေထွက်နေပါတယ်။ မီးခတ်လိုက် တာနဲ့ ဟိုက်ဒရိုဂျင်ပေါက်ကွဲပြီး ဘက်ထရီအိုးပါ ပွင့်ထွက်သွားတက်ပါတယ်။
- ဘက်ထရီခေါင်းတွေ၊ ကြိုးတွေဆက်သွယ်တဲ့အခါမှာပဲဖြစ်စေ၊ ဘက်ထရီအိုး နောက်တစ်လုံးနဲ့ထောက်ကူပြီး စက်နှိုးတဲ့အခါမှာပဲဖြစ်စေ အပေါင်းငုတ်၊ အနှုတ်ငုတ်မှန်အောင်ဂရုစိုက်ပါ။
- ဘက်ထရီထဲက အက်ဆစ်ရည်ဟာ အသားအရေတွေကို လောင်စားတတ်ပါတယ်။သတိထား၍ကိုင်တွယ်ပါ။
- ဘက်ထရီကို အားသွင်းထားလျှင် လေဝင်လေထွက် ကောင်းပါစေ။
- မိမိအိမ်မှာ အင်ဗာတာရှိလျှင် ဘက်ထရီအားသွင်းထားနိုင်ပါ တယ်။ ကလေးငယ်များရှိပါက ဘက်ထရီနဲ့ အင် ဗာတာများကို လုံခြုံအောင် ကလေးလက်လှမ်းမမီအောင်ထားပါ။ ကလေးများအတွက် အန္တရာယ်ကြိုတင်ကာ ကွယ်ပါ။ မိုးရေပုလင်း၊ အက်ဆစ်ပုလင်းများကို လည်း ကလေးငယ်များ လုံးဝမကိုင် မထိရအောင်ထားပါ။
ဘက်ထရီကောင်းလျှင် ကားသမားစိတ်ချမ်းသာပါတယ်။ ဘက်ထ ရီဟာ ကားတစ်စီးရဲ့ အသက်ပါပဲ။
ယခုခေတ်ကားတွေမှာ Battery ဟာမရှိမဖြစ်အရေးပါလှတယ့် အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် သင့် ကားအရည်အသွေးကောင်းမွန်ဖို့ Battery ကို အချိန်မတိုင်ခင်စစ်ကြစို့လို့အကြံပြုလိုက်ရပါတယ်။
_________________________________
ဒီတစ်ခါတင်ဆက်ပေးလိုက်တယ့် Cars Battery အကြောင်းကို ဖတ်ရှုပြီး ဝါသနာမိတ်ဆွေများအားလုံး အသိပညာဗဟုသုတတွေ တိုးပွားနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Cars World - Service