12/10/2025
■ အဲကွန်း ရဲ့ ဖခင်ကြီး Wi***es Carrier
Willis Carrier ကို ၁၈၇၆ ခုနှစ်က နယူးယောက်မှာရှိတဲ့ Angola အမည်ရတဲ့ ရွာကလေးမှာ မွေးဖွားခဲ့ပါတယ်။
ငယ်စဉ်ကတည်းက သင်္ချာပညာရပ်ကို ဝါသနာထုံလွန်းတဲ့ Carrier ဟာ သူရဲ့အချိန်အများစုကို သင်္ချာကိန်းဂဏန်းတွေနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။
၁၉၀၁ ခုနှစ်မှာတော့ Willis Carrier ဟာ အင်ဂျင်နီယာပညာရပ်နဲ့ Cornell တက္ကသိုလ်ကနေ ဘွဲ့ရ ပြီး Buffalo Forge အမည်ရ စက်မှုကုမ္ပဏီမှာ ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
ယင်းနေရာမှာပဲ Willis Carrier ဟာ အဲကွန်းကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။
စတင် ဖန်တီးချိန်မှာတော့ Willis Carrier ဟာ အဲကွန်းဖန်တီးမယ်ဆိုတဲ့ရည်ရွယ်ချက်တော့ မဟုတ်ပါဘူး။ သူလုပ်ငန်းခွင်မှာ ဆောင်ရွက်ဖို့ဖြစ်လာတဲ့ အလုပ်ကိုပဲ အလုပ်ရှင်စိတ်တိုင်းကျ ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ အဲကွန်းတွေဟာ ပုံနှိပ်စက်တွေကနေတစ်ဆင့် ပေါ်ပေါက်လာခဲ့ကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် ပုံနှိပ်လုပ်ငန်းခေတ်တစ်ခုဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် စက်မှုလုပ်ငန်းတိုးတက်မှုရဲ့ အစဟာ ပုံနှိပ်တိုက်တွေ အပြိုင်အဆိုင်ပေါ်ပေါက်လာရာကနေ စတင်ပါတယ်။
နယူးယောက်ပြည်နယ်အတွင်းက Brooklyn မြို့မှာ တည်ရှိနေတဲ့ ပုံနှိပ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Sackett & Wilhelms ရဲ့ပုံနှိပ်စက်တွေအတွင်းမှာ စိုထိုင်းမှုဖြစ်စဉ်တွေကြောင့် ထုတ်ဝေမှုလုပ်ငန်းတွေမှာ အကြီးအကျယ် အခက်တွေ့လာခဲ့ရပါတယ်။
ပုံနှိပ်လုပ်ငန်း ဆိုတာကလည်း အချိန်နဲ့အညီ အလုပ်လုပ်ရတဲ့လုပ်ငန်းစဉ် ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ Sackett & Wilhelms ပိုင်ရှင် Walter Timmis ဟာယင်းခေတ်အခါက စက်မှုနည်းပညာလုပ်ငန်းလို့ ပြောရမယ့် Willis Carrier အလုပ်လုပ်ကိုင်ရာ Buffalo Forge ကုမ္ပဏီသူဌေးကို ပုံနှိပ်စက်တွေရဲ့ ဒီအခက်အခဲကို ဖြေရှင်းပေးဖို့ အကူအညီတောင်းခံပါတယ်။
ကုမ္ပဏီသူဌေးကလည်း ရေငွေ့ကြောင့်ဖြစ်တဲ့ ပုံနှိပ်စက်အတွင်း စိုထိုင်းမှုတွေကိုဖြေရှင်းဖို့ ကုမ္ပဏီရဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Willis Carrier ကိုတာဝန်ပေးလိုက်ပါတော့တယ်။
မအောင်မြင်တဲ့ စမ်းသပ်ချက်များစွာကို ပြုလုပ်ပြီးနောက်မှာတော့ Willis Carrier ဟာ သတ္ထုကွိုင်ကနေတဆင့် ပုံနှိပ်စက်အတွင်းပိုင်း စိုထိုင်းမှုကိုဖြစ်စေနိုင်တဲ့ရေငွေ့တွေရဲ့ အပူချိန်ကိုထိန်းသိမ်းနိုင်မဲ့ နည်းလမ်းကိုရှာတွေ့ခဲ့ပါတယ်။
Willis Carrier ဟာ သူတွေ့ရှိတဲ့ နည်းစနစ်ကို ထပ်မံပြည့်စုံအောင် ပြုလုပ်ခဲ့ပြီး သူအစီစဉ်ရဲ့ အသေးစိတ်လုပ်ငန်းတွေကို ပုံနှိပ်တိုက်ပိုင်ရှင် Walter Timmis ကိုချပြကာ ပုံနှိပ်စက်တွေရဲ့ စိုထိုင်းမှုပြဿနာကို ပြေလည်သွားစေခဲ့ပါတယ်။
၁၉၀၂ ခုနှစ်၊ နွေရာသီရောက်ချိန်မှာတော့ Willis Carrier ဟာ စိုထိုင်းမှုအခြေအနေကို လျော့ချပေးနိုင်တဲ့ လေထုအခြေအနေပြ ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ကနဦးတီထွင်မှုကို အားရမှုမရှိပဲ နောက်ထပ်ပိုကောင်းတဲ့ နည်းစနစ်တွေကို ရှာဖွေပြီး ဆက်လက်ကြိုးစားခဲ့ပါတယ်။ သူရဲ့အဲကွန်းစက် တီထွင်မှုလုပ်ငန်းအတွက်တော့ Willis Carrier ဟာ နောက်ထပ်နှစ်အနည်းငယ်ကြာအောင် ဆန်းစစ်မှု တွေထပ်မံပြုလုပ်ခဲ့ရပြီး ၁၉၀၆ ခုနှစ်မှာတော့ သူရဲ့တွေ့ရှိပြီးသား အဲကွန်းနည်းပညာကို မြှင့်တင်နိုင်ခဲ့သလို မူပိုင်ခွင့်ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
နောက်ထပ်တစ်နှစ်အကြာမှာတော့ Willis Carrier ဟာ သူတွေ့ရှိခဲ့တဲ့ Dewpoint Depression ကို အခြေခံထားတဲ့ ရေငွေ့အပူချိန်ကို အလိုအလျောက်ထိန်းချုပ်နိုင်တဲ့အဲကွန်းထုတ်ကုန်အတွက် နောက်ထပ် မူပိုင်ခွင့်ကို ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။
၁၉၁၁ ခုနှစ်မှာတော့ Willis Carrier ဟာ ကမ္ဘာ့အဲကွန်းသမိုင်းမှာ အရေးပါဆုံးသော တွေ့ရှိမှုမှတ်တိုင်လို့ ဆိုရမဲ့ Rational Psychrometric Formulae ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ယင်းနည်းစနစ်နဲ့ပဲ လေအေးပေးစက်တွေကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီး မကြာခင် အချိန်တောအတွင်းမှာပဲ အိမ်တွေ၊ရုံးတွေနဲ့ခန်းမလို နေရာတွေမှာ အဲကွန်းခေါ် လေအေးပေးစက်တွေ ပေါ်ပေါက်လာပါတော့တယ်။
Willis Carrier ရဲ့တီထွင်မှုဟာ ကမ္ဘာကြီးကို အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူရဲ့ဖန်တီးမှုဟာ ယနေ့လေအေးပေးစက်ထုတ်လုပ်ငန်းတွေရဲ့ အခြေခံအုတ်မြစ်အဖြစ်သာမက မု့န်ဖုတ်စက်နဲ့ စစ်ဘက်ဆိုင်ရာသုံး လုပ်ငန်းတွေ၊အခြားသော စက်မှုလုပ်ငန်းတွေ အတွက်ပါ အထောက် အကူ ပြုနိုင်ခဲ့ပါတယ်။
၁၉၁၅ ခုနှစ်မှာတော့ Willis Carrier ဟာ သူငယ်ချင်း အင်ဂျင်နီယာ ၆ ယောက်နဲ့အတူ Carrier Engineering Corporation ကို စုပေါင်းထည့်ဝင်ငွေ ဒေါ်လာ ၃၂၆၀၀ နဲ့ တည်ထောင်ခဲ့ပါတယ်။
၁၉၂၀ ခုနှစ်မှာတော့ ပထမဆုံးစက်ရုံကို ဝယ်ယူနိုင်ခဲ့ကြပြီး အောင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် စီးပွားပျက်ကပ်ကြီးနဲ့ ကြုံတွေခဲ့ရတာကြောင့် ငွေကြေး အကြပ်အတည်း ကြုံခဲ့ရပြီး အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းခဲ့ရပါတယ်။
Willis Carrier ရဲ့ အားမလျော့ပဲ ကြိုးစားမှုကြောင့် ၁၉၃၇ ခုနှစ် နောက်ပိုင်းမှာတော့ နယူးယောက်ရဲ့ အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ အဲကွန်းတွေဟာ လူကြိုက်စများလာခဲ့ပြီး ၁၉၅၀ နောက်ပိုင်းမှာတော့ ကမ္ဘာတလွှားကို ပြန့်နှံသွားပါတော့တယ်။ Willis Carrier ကတော့ ၁၉၅၀ ခုနှစ် အသက် ၇၃နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူကွယ်လွန်သွားခဲ့ပေမယ့် သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီကတော့ ယနေ့အချိန်မှာ Carrier Aircon (or) Carrier Global Corporation အမည်နဲ့ ကမ္ဘာ့ထိပ်တန်း လေအေးပေးစက်ဆိုင်ရာ ကုမ္ပဏီကြီးတစ်ခု ဖြစ်နေပါပြီ။
ဒီကုမ္ပဏီရဲ့ ၂၀၁၈ ခုနှစ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလျံ ဖြစ်ပြီး ဝန်ထမ်းပေါင်း ၄၅၀၀၀ ခန့်ကို ခန့်ထားနိုင်ကာ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ကုမ္ပဏီခွဲတွေ ရှိနေပြီဖြစ်ပါတယ်။
လေအေးပေးစက်လို ဇိမ်ခံပစ္စည်းတွေ ဖန်တီးနိုင်ခဲ့တဲ့ သူရဲ့တွေ့ရှိချက်ကြောင့် Willis Carrier မရှိပဲ ကမ္ဘာကြီးသာ သက်သောင့်သက်သာ မဖြစ်နိုင်ဆိုတဲ့ ဆိုရိုးတောင် ယင်းကာလက ပညာရှင်တွေအကြား ကျော်ကြားခဲ့ပါတယ်။
သူရဲ့ ကုမဏီ 'Carrier' ဆိုတာကလည်း နစ်ပေါင်းများစွာ ရပ်တည်လာတဲ့ USA Brand အဲကွန်း အမှတ် တံဆိပ် တခု ပါပဲ ။