25/01/2026
၁၇ ရာစုအစပိုင်း ၁၆၀၀ ပြည့်လွန်နှစ်များ အချိန်က နယ်သာလန် (Dutch Republic) ဟာ ကမ္ဘာ့စီးပွားရေးရဲ့ ထိပ်ခေါင်ပါပဲ။ ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီ (VOC) ဟာ ပင်လယ်ရပ်ခြား ကုန်သွယ်ရေးကနေ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ပိုးထည်တွေ သယ်လာပြီး တိုင်းပြည်က ကြွယ်ဝချမ်းသာလွန်းလို့ "ဒတ်ခ်ျရွှေခေတ်" (Dutch Golden Age) လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
ဒီလို ချမ်းသာတဲ့ နယ်သာလန်ကို တူရကီ (အော်တိုမန် အင်ပါယာ) ဘက်ကနေ ပန်းမျိုးစိတ်ဆန်းတစ်ခု ရောက်လာပါတယ်။ အဲဒါကတော့ "ကျူးလစ်" (Tulip) ပါ။ စစချင်းမှာ ဒီပန်းကို Carolus Clusius ဆိုတဲ့ ရုက္ခဗေဒပညာရှင်က Leiden တက္ကသိုလ်ဥယျာဉ်မှာ စိုက်ပျိုးပါတယ်။ ဒတ်ခ်ျလူမျိုးတွေက ဒီပန်းရဲ့ အရောင်အသွေး စိုပြည်မှု၊ ပွင့်ဖတ်ပုံစံ ဆန်းပြားမှုတွေကို မြင်ပြီး ချက်ချင်းဆိုသလိုပဲ စွဲလမ်းသွားကြပါတယ်။ အစပိုင်းမှာတော့ သူဌေးတွေ၊ မင်းစိုးရာဇာတွေကပဲ ကိုယ့်ခြံထဲမှာ ဂုဏ်ယူစရာ (Status Symbol) အဖြစ် စိုက်ပျိုးကြတာပါ။
ကျူးလစ်ပန်းတွေထဲမှာမှ လူကြိုက်အများဆုံးနဲ့ ဈေးအကြီးဆုံးကတော့ သာမန်အရောင်တစ်မျိုးတည်း ရှိတဲ့ပန်းတွေ မဟုတ်ပါဘူး။ အနီရောင်ပေါ်မှာ အဖြူစင်းလေးတွေ၊ ခရမ်းရောင်ပေါ်မှာ အဝါစင်းလေးတွေ ပါတဲ့ "အစင်းကြား" (Broken Tulips) ပန်းတွေပါ။ တစ်ကယ်တမ်း အဲဒီခေတ်က လူတွေမသိခဲ့တာက ဒီအစင်းကြားတွေဟာ "Mosaic Virus" လို့ခေါ်တဲ့ အပင်ရောဂါတစ်မျိုးကြောင့် ဖြစ်တာပါ။ ရောဂါရနေတဲ့ ပန်းဥကနေ ပေါက်လာတဲ့ အပွင့်တွေက ပိုပြီးလှပနေခဲ့တာ ဖြစ်ပါတယ်။
ဒီအစင်းကြားပန်းတွေက ရှားလည်းရှား၊ လှလည်းလှတော့ လူတိုင်းက လိုချင်ကြပါတယ်။ ပန်းဥတစ်လုံးကို စိုက်လိုက်ရင် နောက်နှစ်မှာ ပွားလာမယ့် ပန်းဥအသစ်တွေ (Offsets) ကနေတဆင့် ပွားယူရတာမို့ အရေအတွက်က အရမ်းအကန့်အသတ် ရှိပါတယ်။ ဒီ "ရှားပါးမှု" (Scarcity) ကပဲ ဈေးနှုန်းကို မိုးပေါ်ရောက်အောင် တွန်းပို့လိုက်ပါတော့တယ်။
၁၆၃၄ ခုနှစ်လောက် ရောက်တဲ့အခါမှာတော့ ကျူးလစ်ပန်းဟာ ပန်းချစ်သူတွေရဲ့ ဝါသနာသက်သက် မဟုတ်တော့ပါဘူး။ စီးပွားရေးသမားတွေ ဝင်လာကြပါပြီ။ သူတို့က ဒီပန်းဥကို အခုဝယ်ထား၊ နောက်လကျရင် ဈေးတက်လိမ့်မယ်ဆိုပြီး ဈေးကစားကြပါတယ်။
၁၆၃၆ ခုနှစ်မှာတော့ ရူးသွပ်မှုက အထွတ်အထိပ် ရောက်လာပါတယ်။ ပန်းဥတွေ မြေကြီးထဲမှာ ရှိနေတဲ့အချိန် (နွေရာသီနဲ့ ဆောင်းရာသီ) မှာ တူးလို့မရပါဘူး။ ဒါပေမဲ့ လူတွေက မတူးရသေးတဲ့ ပန်းဥတွေကို ကြိုတင်ရောင်းဝယ်တဲ့ စာချုပ် (Futures Contracts) တွေ ချုပ်ဆိုပြီး ရောင်းဝယ်ကြပါတယ်။ လက်ထဲမှာ ပစ္စည်းမရှိဘဲ စာရွက်ပေါ်မှာပဲ လက်လွှဲရောင်းနေကြတာမို့ ဒါကို ဒတ်ခ်ျလူမျိုးတွေက "Windhandel" (လေထဲက ကုန်သွယ်ရေး) လို့ ခေါ်ခဲ့ကြပါတယ်။
ဘားဆိုင်တွေ၊ အရက်ဆိုင်တွေဟာ လေလံပွဲရုံတွေ ဖြစ်ကုန်ပါတယ်။ ရက်ကန်းသည်တွေ၊ ဖိနပ်ချုပ်သမားတွေ၊ အိမ်ဖော်မလေးတွေကအစ သူတို့စုထားတဲ့ တစ်သက်တာ စုဆောင်းငွေတွေကို ထုတ်ပြီး ပန်းဥဈေးကွက်ထဲ ဝင်လာကြပါတယ်။
၁၆၃၇ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလဟာ ဈေးအမြင့်ဆုံး ကာလပါပဲ။ အဲဒီအချိန်က အရှားပါးဆုံးနဲ့ အလှဆုံးလို့ သတ်မှတ်ထားတဲ့ "Semper Augustus" ဆိုတဲ့ ပန်းဥတစ်လုံးရဲ့ ဈေးနှုန်းဟာ ဒတ်ခ်ျငွေ ၁၀,၀၀၀ ဂေဒါ (Guilders) အထိ ပေါက်ခဲ့ပါတယ်။
ဒီငွေပမာဏ ဘယ်လောက်များလဲဆိုတာ မြင်သာအောင် နှိုင်းယှဉ်ပြရရင်
ကျွမ်းကျင် လက်သမားဆရာတစ်ယောက်ရဲ့ တစ်နှစ်လုပ်ခ = ၂၅၀ ဂေဒါ
ဝက်အကောင်လိုက် (၈) ကောင် = ၂၄၀ ဂေဒါ
ထောပတ် ပေါင် (၁၀၀၀) = ၁၀၀ ဂေဒါ
အမ်စတာဒမ် မြို့လယ်ကောင်က တိုက်အိမ်ကောင်းတစ်လုံး = ၁၀,၀၀၀ ဂေဒါ
လူတွေဟာ ပန်းဥတစ်လုံး ပိုင်ဆိုင်နိုင်ဖို့အတွက် မြေ ၁၂ ဧကကို ရောင်းတယ်၊ အိမ်ကို ပေါင်တယ်၊ ရှိသမျှ ရွှေငွေတွေကို ပုံအောကြတယ်။ သမိုင်းမှတ်တမ်းတစ်ခုအရ "Viceroy" လို့ခေါ်တဲ့ ပန်းဥတစ်လုံးကို ရဖို့အတွက် လူတစ်ယောက်ဟာ "ဂျုံ၊ ဝက်၊ သိုး၊ ဝိုင်၊ ဘီယာ၊ ထောပတ်၊ ဒိန်ခဲ၊ အိပ်ရာခင်း၊ အဝတ်အစားနဲ့ ငွေခွက်" အားလုံးပါတဲ့ ကုန်ပစ္စည်းတန်ချိန်များစွာနဲ့ လဲလှယ်ခဲ့ရတယ်လို့ ဆိုပါတယ်။
၁၆၃၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့။ ဟာလမ် (Haarlem) မြို့။
သာမန် လေလံပွဲတစ်ခုမှာ ထူးခြားမှု စဖြစ်ပါတယ်။ ပန်းဥရောင်းတဲ့သူက ဈေးတစ်ခု ခေါ်လိုက်ပေမဲ့ ဝယ်မယ့်သူ (Buyer) တစ်ယောက်မှ ထမလာပါဘူး။ အရင်ရက်တွေက လုဝယ်နေကြတဲ့သူတွေဟာ ရုတ်တရက် "ဈေးက အရမ်းများနေပြီ၊ ငါပြန်ရောင်းလို့ ထွက်ပါ့မလား" ဆိုပြီး သတိဝင်သွားကြပါတယ်။
အဲဒီ သံသယစိတ်က ကူးစက်ရောဂါလို ပျံ့သွားပါတယ်။
ပထမလူက မဝယ်တော့ ဒုတိယလူက ကြောက်ပြီး သူ့လက်ထဲကဟာကို ဈေးလျှော့ရောင်းတယ်။ ဈေးလျှော့ရောင်းတာ မြင်တော့ တတိယလူက ထပ်လျှော့ပြီး ရောင်းတယ်။ ရက်ပိုင်းအတွင်းမှာပဲ ပန်းဥဈေးနှုန်းတွေဟာ ၉၀% လောက်အထိ ထိုးကျသွားပါတယ်။
တစ်ချိန်က တိုက်တစ်လုံးတန်တဲ့ ပန်းဥဟာ ရုတ်တရက် ကြက်သွန်နီဥ တစ်လုံးဈေးလောက်ပဲ တန်ပါတော့တယ်။ "ငါချမ်းသာတော့မယ်" လို့ အိပ်မက်မက်ပြီး စာချုပ်ချုပ်ထားသူတွေဟာ ငွေပေးချေဖို့ အချိန်ရောက်လာတဲ့အခါ ပိုက်ဆံမရှိတော့ပါဘူး။ ရောင်းတဲ့သူကလည်း ပိုက်ဆံမရ၊ ဝယ်တဲ့သူကလည်း မွဲပြာကျ၊ တိုင်းပြည်တစ်ခုလုံးက တရားရုံးတွေမှာ အမှုတွေနဲ့ ပြည့်နှက်သွားပါတယ်။
နောက်ဆုံးမှာတော့ အစိုးရက ဝင်ပါရပြီး ဒီအကြွေးတွေကို "လောင်းကစားကြွေး" (Gambling Debts) အဖြစ် သတ်မှတ်ကာ တရားဥပဒေအရ အတင်းအကြပ် တောင်းခံခွင့် မရှိကြောင်း ဆုံးဖြတ်ပေးလိုက်ရပါတော့တယ်။ ဒီဇာတ်လမ်းဟာ လူသားသမိုင်းမှာ လောဘကြောင့် အသိတရား ကွယ်ပျောက်ခြင်း (Irrational Exuberance) ရဲ့ ဂန္ထဝင် သာဓကအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ပန်းတစ်ပွင့်ရဲ့ အလှတရားကို ခံစားဖို့မေ့လျော့ပြီး၊ ဈေးနှုန်းနောက်ကိုပဲ အရူးအမူး လိုက်ခဲ့ကြတဲ့ ဒတ်ခ်ျလူမျိုးတွေရဲ့ သင်ခန်းစာဟာ ဒီနေ့ခေတ် Bitcoin တို့၊ အိမ်ခြံမြေဈေးကစားတာတို့နဲ့ ကြုံတိုင်း ပြန်ပြောဖြစ်ကြတဲ့ ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် လူတွေလောဘတက်လို့ သီးသန့်တော့ ကျွန်တော်လက်မခံနိုင်ပါ။ နယ်ပယ်တိုင်းမှာ လူတိုင်းက လောဘသားတွေချည်းပါပဲ။ လောဘတက်တိုင်း ပျက်ရမယ်ဆိုရင် နယ်ပယ်တိုင်းမှာ ပျက်စီးကုန်မှာပေါ့။ ဒီဇာတ်လမ်းကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာကြည့်ရင် ငွေကြေးအကျိုးအမြတ်တစ်ခုပဲကြည့်ပြီး ဈေးကွက်ကိုလှု ဈေးကွက်ကစားတဲ့ ပိုက်ဆံဝါးလားတွေကြောင့် သဘာဝပန်းဈေးကွက်ကြီးတစ်ခုလုံး ဘုံးဘုံးလဲကျ ပျက်စီးသွားတာကို မြင်ရပါလိမ့်မယ်။
အစပိုင်းမှာ ကျူးလစ်ပန်းလောကဟာ "ပန်းချစ်သူများ" (Connoisseurs) နဲ့ ရုက္ခဗေဒပညာရှင်တွေကြားမှာပဲ ရှိတဲ့ သန့်ရှင်းတဲ့ အသိုင်းအဝိုင်းပါ။ သူတို့က ပန်းရဲ့ အလှတရားကို ခံစားတယ်၊ အချင်းချင်း ယုံကြည်မှု (Trust) နဲ့ အရောင်းအဝယ် လုပ်ကြတယ်။ ပိုက်ဆံထက် ပန်းကို ပိုတန်ဖိုးထားတဲ့ စနစ်တစ်ခုပါ။ ၁၆၃၄ နောက်ပိုင်းမှာတော့ ကျွန်တော်ပြောတဲ့ "မန်းနီးဝါးလား" (ငွေရှင်/ပွဲစား) တွေ ဝင်လာပါတယ်။ သူတို့က ပန်းကို မချစ်ပါဘူး။ ပန်းဥကို မြေကြီးထဲ ထည့်စရာတောင် မလိုဘဲ စာရွက်ပေါ်မှာတင် လက်လွှဲရောင်းပြီး အမြတ်ထုတ်ချင်တဲ့သူတွေပါ။ သူတို့ကြောင့် "Futures Contracts" (အနာဂတ် ကြိုရောင်းကြိုဝယ် စာချုပ်) စနစ် ပေါ်လာပါတယ်။ ပုံမှန် ဂေဟစနစ်မှာ "ပစ္စည်းရှိမှ ရောင်းတယ်၊ ငွေချေတယ်"။
ဒါပေမဲ့ သူဌေးတွေ ဖန်တီးလိုက်တဲ့ စနစ်သစ်မှာတော့ -
ပန်းဥက မြေကြီးထဲမှာ (တူးလို့မရသေးဘူး)။
ရောင်းတဲ့သူလက်ထဲမှာ ပန်းမရှိဘူး။
ဝယ်တဲ့သူလက်ထဲမှာ ပိုက်ဆံမရှိဘူး (Credit နဲ့ ဝယ်တယ်)။
ဒီလိုနဲ့ "လေထဲက အရောင်းအဝယ်" (Wind Trade) ဖြစ်သွားပြီး၊ တကယ့် ပန်းချစ်သူတွေရဲ့ ဈေးကွက်ပျက်စီးကာ လောင်းကစားဝိုင်းကြီး ဖြစ်သွားခဲ့ရတာပါ။
ခေတ်သစ်မှာ ဒီဖြစ်ရပ်နဲ့ တူညီတဲ့ ဈေးကွက်ပြိုကျမှုဖြစ်ရပ်တစ်ခုအကြောင်း ဆက်ပြောချင်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဂျပန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်နေပါပြီ။ Toyota, Sony တို့လို ကုမ္ပဏီတွေက ကမ္ဘာကို လွှမ်းမိုးထားတဲ့အချိန်ပါ။ တိုင်းပြည်မှာ ပိုက်ဆံတွေက ရေလိုသုံးမကုန် ဖြစ်နေပါတယ်။ ဘဏ်တွေကလည်း အတိုးနှုန်းကို အလွန်နှိမ့်ချထားပြီး ငွေတွေ အလွယ်တကူ ထုတ်ချေးပေးခဲ့ပါတယ်။
ဒီနေရာမှာ "မန်းနီးဝါးလား" (Money Wala) ပြဿနာ စပါတော့တယ်။
ပုံမှန်ဆိုရင် ကုမ္ပဏီတွေက ပစ္စည်းထုတ်ပြီး အမြတ်ရှာရမှာပါ။ ဒါပေမဲ့ မြေဈေးတွေက တစ်နှစ်ကို ၃-၄ ဆ တက်နေတော့ ကုမ္ပဏီတွေက ပစ္စည်းမထုတ်ချင်တော့ပါဘူး။ သူတို့ရထားတဲ့ အမြတ်တွေ၊ ဘဏ်ချေးငွေတွေနဲ့ မြေတွေပဲ လိုက်ဝယ်ပါတော့တယ်။
ဂျပန်မှာ ဒါကို "Zaitech" (ဇိုင်တက်) လို့ ခေါ်ပါတယ်။ ဆိုလိုတာက ကုမ္ပဏီတွေက ကုန်ထုတ်လုပ်ငန်း လုပ်ရမယ့်အစား "မြေကစားတဲ့ ဂိုဏ်း" တွေအဖြစ် ပြောင်းလဲသွားတာပါ။ တကယ့်စီးပွားရေး (Real Economy) ပျက်စီးပြီး ငွေကစားပွဲ (Speculation) သက်သက် ဖြစ်သွားပါတယ်။
ကျူးလစ်ပန်းတစ်ပွင့်က တိုက်တစ်လုံးဈေး ဖြစ်ခဲ့သလို၊ ၁၉၈၉-၉၀ ဝန်းကျင် ဂျပန်မြေဈေးကလည်း ကြောက်စရာကောင်းလောက်အောင် ဖြစ်ခဲ့ပါတယ်။
အချက်အလက် စစ်ဆေးချက်အရ အကျော်ကြားဆုံး နှိုင်းယှဉ်ချက်ကတော့ -
"တိုကျိုမြို့လယ်က ဧကရာဇ်နန်းတော် (Imperial Palace) ဝင်းတစ်ခုတည်းရဲ့ မြေတန်ဖိုးဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် (California) တစ်ခုလုံးရဲ့ မြေတန်ဖိုးထက် ပိုများနေသည်။"
ဒါဟာ လုံးဝ ယုတ္တိမရှိတဲ့ ဈေးနှုန်းပါ။ ဒါပေမဲ့ အဲဒီအချိန်က လူတွေက "ဂျပန်မြေဈေး ဘယ်တော့မှ မကျဘူး" လို့ ယုံကြည်ပြီး ထပ်ကာထပ်ကာ ဝယ်နေခဲ့ကြပါတယ်။
၁၉၉၀ ပြည့်နှစ်အရောက်မှာ ဂျပန်ဗဟိုဘဏ်က ဒီရူးသွပ်မှုကို ထိန်းဖို့ အတိုးနှုန်းကို မြှင့်လိုက်ပါတယ်။ "ဂိမ်းအိုဗာ" (Game Over) ပါပဲ။
၁၉၉၁: မြေဈေးတွေ စကျပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ တိုကျိုက အိမ်ခြံမြေဈေးတွေဟာ မူလဈေးရဲ့ ၂၀% အောက် ကို ရောက်တဲ့အထိ (၈၀% ခန့်) ဈေးပြုတ်ကျသွားပါတယ်။
ဒီပူဖောင်းပေါက်ကွဲမှုကြောင့် ဂျပန်စီးပွားရေးဟာ နှစ်ပေါင်း ၃၀ လောက် နာလန်မထူနိုင်တော့ပါဘူး။ ဒါကို "The Lost Decades" (ပျောက်ဆုံးသွားသော ဆယ်စုနှစ်များ) လို့ ခေါ်ကြပါတယ်။ လူတွေ၊ ကုမ္ပဏီတွေဟာ မြေကွက်တွေ ပိုက်ပြီး အကြွေးနွံထဲ နစ်ကျန်ရစ်ခဲ့ပါတယ်။
စီးပွားရေးဂဏန်းတွေနောက်ကွယ်မှာ တကယ်မောင်းနှင်နေတာက လူတွေရဲ့ "စိတ်" (Psychology) ဖြစ်ပါတယ်။
ဂျပန် အိမ်ခြံမြေပူဖောင်းပဲဖြစ်ဖြစ်၊ ကျူးလစ်ပန်းပဲဖြစ်ဖြစ်၊ ဒီနေ့ခေတ် မြန်မာပြည်က အိမ်ခြံမြေ/ရွှေဈေးပဲဖြစ်ဖြစ်... လူတွေ ဘာလို့ ဒီလောက် အသိတရားမဲ့သွားကြသလဲဆိုတာကို စိတ်ပညာ (Behavioral Psychology) ရှုထောင့်ကနေ ခွဲခြမ်းစိတ်ဖြာ ကြည့်ကြရအောင်ပါ။
Herd Mentality (သိုးအုပ်စိတ်ဓာတ်)
ဒါက အခြေခံအကျဆုံး လူ့စိတ်ပါပဲ။ လူသားတွေဟာ တစ်ကိုယ်တော် ဆုံးဖြတ်ရမှာကို ကြောက်တတ်ကြတယ်။ အများလုပ်ရင် လိုက်လုပ်မှ "လုံခြုံတယ်" (Safety in Numbers) လို့ ခံစားရတယ်။
ဂျပန်မှာ ၁၉၈၀ ကျော်တုန်းက ဂျပန်ကုမ္ပဏီကြီးတွေ အားလုံး မြေလိုက်ဝယ်ကြတယ်။ အမှုဆောင်အရာရှိ (CEO) တစ်ယောက်က "ငါတို့က ကားထုတ်တာလေ၊ မြေဝယ်ပြီး ဘာလုပ်မလဲ" လို့ မေးခွန်းထုတ်ရင်တောင်၊ "ဟိုဘက်က Sony လည်း ဝယ်နေပြီ၊ Toyota လည်း ဝယ်နေပြီ၊ ခင်ဗျား မဝယ်ရင် ခေတ်နောက်ကျကျန်ခဲ့မယ်" လို့ အပြောခံရရင် မနေနိုင်တော့ပါဘူး။ အားလုံး ဝယ်မှတော့ ငါလည်း ဝယ်လိုက်မယ်ဆိုပြီး သိုးအုပ်ထဲ ခုန်ဆင်းလိုက်ကြတာပါ။ ကွမ်းယာဆိုင်တွေ ဖုန်းစကန်းဆိုင်တွေ ပင်လယ်စာအကင်ဆိုင်တွေ ခေတ်ကောင်းနေတယ်ဆိုပြီး လိုက်ဖွင့်ကြတာမျိုးပါ။
Fear of Missing Out (FOMO)
ဒါက "ငါကျန်ရစ်ခဲ့မှာ ကြောက်တဲ့စိတ်" ပါ။ လူတွေက ပိုက်ဆံဆုံးရှုံးရမှာ ကြောက်တာထက်၊ "ဘေးအိမ်ကလူ ချမ်းသာသွားပြီး ငါက ဒီအတိုင်း ကျန်ရစ်ခဲ့မှာ" ကို ပိုပြီး ခံနိုင်ရည်မရှိကြပါဘူး။
စိတ်ပညာသဘောအရ ဘေးအိမ်ကလူ မြေကွက်ဝယ်ပြီး ကားအသစ်စီးပြတာကို မြင်ရတဲ့ "နာကျင်မှု" (Social Pain) က လူကို မစဉ်းစား မဆင်ခြင်နိုင်အောင် တွန်းအားပေးပါတယ်။ သူတောင်မြတ်နေတာ ငါလဲမြတ်မှာပဲ။ ငါမလုပ်ရင် ငါပဲမမြတ်မှာလို့ ကျန်ခဲ့မှာကြောက်တာ။ ဒါကြောင့် ဈေးအမြင့်ဆုံးအချိန် (Peak) မှာ အကြွေးယူပြီး ၀င်ဝယ်မိကြတာ များပါတယ်။
Confirmation Bias (မိမိအလိုရှိရာကိုသာ အမှန်ထင်ခြင်း)
ဈေးကွက်တက်နေချိန်မှာ လူတွေက "ဈေးကျတော့မယ်" ဆိုတဲ့ သတိပေးစကားတွေကို နားမဝင်တော့ပါဘူး။ ကိုယ်ကြားချင်တဲ့ "ဈေးဆက်တက်ဦးမှာ" ဆိုတဲ့ သတင်းတွေကိုပဲ ရွေးနားထောင်ကြပါတယ်။ ဂျပန်မှာ "Tochi Shinwa" (Land Myth) ဆိုတဲ့ အယူအဆ ရှိခဲ့ပါတယ်။ "ဂျပန်က ကျွန်းနိုင်ငံ၊ မြေကွက်ရှားတယ်၊ လူဦးရေများတယ်၊ ဒါကြောင့် မြေဈေးဘယ်တော့မှ မကျနိုင်ဘူး" ဆိုတဲ့ ယုံကြည်ချက်ပါ။
တကယ်တမ်း စီးပွားရေးပညာရှင်တွေက "ဒါ ပူဖောင်းဖြစ်နေပြီ" လို့ သတိပေးပေမဲ့၊ ဘယ်သူမှ လက်မခံခဲ့ကြပါဘူး။ "ဒီတစ်ခါ မတူဘူး (This time is different)" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာခဲ့ကြပါတယ်။ ဒါက မြန်မာပြည်ပြည်မှာ ခနခနဖြစ်နေတဲ့ အစုရှယ်ယာလိမ်နည်းမှာ အလိမ်ခံနေရတဲ့သူတွေနဲ့ တစ်ထပ်တည်းကျပါတယ်။ မလိမ်ခင် လိမ်ခါနီးအထိရနေတဲ့ အမြဲရနေမယ်လို့ သူတို့ထင်နေတဲ့အတိုးအမြတ်ကိုပဲ မြင်နေတဲ့လူတွေလိုပါပဲ။ ဘေးက နင့်လူက လိမ်နေတာနော် ဆိုလဲမရ။ ပြေးတော့မှာနော်ဆိုလဲမရပါဘူး။ သူတို့က လက်ထဲမှာ ထပ်ထည့်စရာရှိနေသေးရင် ထပ်တောင်ထည့်ချင်တဲ့အထိ လောဘတက်နေတာပါ။
လူတွေက ကိုယ်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတစ်ခုကို တကယ့်ပေါက်ဈေးထက် ပိုတန်ဖိုးရှိတယ်လို့ ထင်တတ်ကြတယ်။
နောက်ဆုံးမှာ ဈေးကွက်ပြိုလဲသွားပြီ။ တိုက်ခန်းဈေးက သိန်း ၁၀၀၀ ကနေ ၅၀၀ ဖြစ်သွားပြီ။ ဒါပေမဲ့ ပိုင်ရှင်က "ငါဝယ်ထားတာ ၁၀၀၀၊ ဒီဈေးမရရင် မရောင်းဘူး" ဆိုပြီး ဖက်တွယ်ထားတတ်ပါတယ်။
ဒါကြောင့် အရောင်းအဝယ်ရပ်ပြီး "Zombie Market" ဖြစ်သွားတာပါ။ အရှုံးကို လက်မခံနိုင်တဲ့ စိတ်ကြောင့် နှစ်ပေါင်းများစွာ ငွေမြုပ်ပြီး ဘဝပါ ဆုံးရှုံးသွားကြရပါတယ်။ ဈေးကွက်ဆိုတာ ဂဏန်းတွက်စက် (Calculator) တစ်ခု မဟုတ်ပါဘူး။ အဲဒါက လူသန်းပေါင်းများစွာရဲ့ "လောဘ နဲ့ အကြောက်တရား" (Greed and Fear) ပေါင်းစပ်ထားတဲ့ စိတ်ခံစားမှု ပြယုဂ်ကြီးတစ်ခုသာ ဖြစ်တယ်ဆိုတာပါပဲ။Crdoriginal writer