09/03/2024
Bolted Joint တွေမှာ စဉ်းစားသင့်တဲ့ failure တွေကဘာတွေလဲ ?
Steel Structure တစ်ခုမှာ ပါဝင်ကြတဲ့ beam, column, decking sheet, plate အစရှိတဲ့ member တွေကို bolt(မူလီ), welding(ဂဟေ), rivet(သံမှို) အစရှိတဲ့ အဆက်ပစ္စည်း တစ်မျိုးမျိုးနဲ့ ချိတ်ဆက်ပြီး သက်ရောက်နေတဲ့ အလေးဝန်အားတွေကို အစိတ်အပိုင်းတစ်ခုမှတစ်ခုသို့ မျှဝေခွဲခြမ်းပေးကြပါတယ်။ ဒါကြောင့် ဒီအဆက်နေရာမှာရှိနေတဲ့ခံနိုင်ရည်ဟာလည်း အဆောက်အဦ structure တစ်ခုလုံးရဲ့ ခံနိုင်ရည်အတွက် အဓိကကျတဲ့အချက်တစ်ခုအနေနဲ့ သိထားဖို့လိုအပ်ပါတယ်။
Bolted Joint တွေရဲ့ structural failure ပုံစံအမျိုးမျိုးရှိပြီးတော့ ပုံစံတစ်မျိုးချင်းစီရဲ့ ခွင့်ပြုနိုင်တဲ့ခံနိုင်ရည် (allowable load) ကိုတွက်ချက်ပေးရပြီး အားလုံးထဲကမှ အနည်းဆုံးရရှိတဲ့ တန်ဖိုးကို အဲ့ဒီ bolt ဆက်ထားတဲ့အခြေအနေမှာရှိတဲ့ ခွင့်ပြုခံနိုင်ရည်လို့ သတ်မှတ်နိုင်ပါတယ်။
Shear Failure
Plate ပြားများကို ဆက်ထားတဲ့ bolt များပျက်စီးခြင်းကို ဆိုလိုတာဖြစ်ပြီး plate ပြားများပြုပြင်လဲလှယ်ခြင်းထက် လုပ်ရလွယ်ကူပြီး စရိတ်သက်သာပါတယ်။
Bearing Failure
Bolt ရဲ့သက်ရောက်လိုက်တဲ့အားကြောင့် ၎င်း bolt နဲ့ထိတွေ့နေတဲ့ အောက်ခံ plate ပြားမျက်နှာပြင် ချေမွခံရနိုင်ချေရှိမှုကြောင့် ပျက်စီးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
Gross Tensile Failure
Plate ပြားမျက်နှာပြင်ရဲ့ bolt အပေါက်မဖောက်ထားတဲ့နေရာများ (gross cross-sectional area) တစ်လျှောက်တွင် plate ပြား ပျက်စီးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
Net Tensile Failure
Plate ပြားမျက်နှာပြင်ရဲ့ bolt အပေါက်ဖောက်ထားတဲ့နေရာများ (net cross-sectional area) တစ်လျှောက်တွင် plate ပြား ပျက်စီးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
ဒီလို failure များသာမက steel တွေဟာ ၎င်းတို့မျက်နှာပြင်မှာ အပါက်ဖောက်လိုက်ရင် ခံနိုင်ရည်ကျဆင်းသွားတာ ဖြစ်တဲ့အတွက် bolted joint နေရာတွေဟာ ၎င်းတို့ချိတ်ဆက်ပေးထားတဲ့ base material များထက် ခံနိုင်ရည်နည်းနေတတ်ပြီး အဆောက်အဦမှာ ကြီးမားတဲ့ပြိုကျပျက်စီးမှုတွေ ဖြစ်စေတတ်ပါတယ်။ အဲ့လိုမျိုးကိုခွဲခြားနိုင်ဖို့အနေနဲ့ ၎င်းအဆက်ရဲ့စွမ်းဆောင်နိုင်စွမ်း [တစ်နည်းအားဖြင့် joint efficiency (n joint)] ကိုလည်းတွက်ချက် ထားသင့်ပါတယ်။ ဒါမှသာ ပြုပြင်ထိန်းသိမ်းရမယ့် နည်းလမ်းတွေကို joint efficiency ကနေတဆင့် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ Joint Efficiency ကို ယျေဘူယျအားဖြင့် ရာခိုင်နှုန်းနဲ့ သတ်မှတ်လေ့ရှိပြီး (njoint100 %) ဆိုပါက ၎င်းအဆက်ဟာ over design ဖြစ်နေတယ်လို့သိရှိနိုင်ပြီး structure ဟာ အဆိုပါ joint ထက် ဦးစွာ ပျက်စီးမှာပဲဖြစ်ပါတယ်။