A Civil Engineer’s Journal

A Civil Engineer’s Journal A place where one Civil Engineer shares real stories, lessons learned and the journey.

Sunday မှာ OT ဆင်းနေရတဲ့သူတွေရှိလား။စိတ်မညစ်ပါနဲ့နော် မနက်ဖြန် Monday ရောက်တော့မှာပါ😝
13/09/2026

Sunday မှာ OT ဆင်းနေရတဲ့သူတွေရှိလား။စိတ်မညစ်ပါနဲ့နော် မနက်ဖြန် Monday ရောက်တော့မှာပါ😝

Siteထဲမှာ ကိုင်တွယ်ရအခက်ခဲဆုံး ပြဿနာကဘာလဲ။Site ထဲမှာ အခက်အခဲတွေ အများကြီးရှိတယ်ဆိုတာ အင်ဂျင်နီယာတိုင်းသိကြတဲ့ကိစ္စပါပဲ။S...
11/09/2026

Siteထဲမှာ ကိုင်တွယ်ရအခက်ခဲဆုံး ပြဿနာကဘာလဲ။

Site ထဲမှာ အခက်အခဲတွေ အများကြီးရှိတယ်ဆိုတာ အင်ဂျင်နီယာတိုင်းသိကြတဲ့ကိစ္စပါပဲ။Site ဟေ့လို့ပြောလိုက်တာနဲ့ တစ်ခါတစ်လေ မီးပူကြီးဖင်ခုထိုင်ရသလို တစ်ခါတစ်လေရေခဲတုံးကိုင်ထားရသလို ပူလိုက်အေးလိုက်အပြင် ရိုလာကိုစတာစီးရသလိုဖီလင်မျိုးပေးစွမ်းနိုင်တဲ့ ပျော်စရာနေရာလေးပါပဲ🌚

Drawing ပြဿနာ၊Concrete ပြဿနာ၊Schedule ပြဿနာ စတဲ့နာသုံးနာအပြင်ကိုမှ Site အင်ယာကို တစ်နေရာတစ်ခါကွေ့လိုက်တိုင်းမှာ ဝိုးခနဲ ဝါးခနဲဖြစ်သွားစေတဲ့ပြဿနာတစ်ခုရှိပါတယ်။

ဟုတ်ကဲ့ အဲ့ပြဿနာကတော့siteရဲ့ ဘယ်နေရာ ဘယ်ဒေသမှာမဆို တွေ့မြင်နေရတဲ့ “ကွမ်းတံတွေးပြဿနာ” ပဲဖြစ်ပါတယ်ရှင့်။
(International project တွေပဲ ကိုင်တဲ့ Engineer တွေကတော့ ဒါမျိုးမမြင်ဖူးရင် ခဏဘေးဖယ်ထားပါ 😂 ကျွန်မတို့ local site life လေး ဆက်ပြောမယ်။)

လှေကားထောင့်တွေ၊Column တွေရဲ့ဘေးအောက်ခြေ၊Scaffoldကြားနေရာတွေ၊slab ခင်းဖို့ပြင်နေတဲ့တိုင်ခေါင်းတွေထဲ၊နံရံတစ်ခုချင်းစီရဲ့အချိုးအကွေ့တိုင်းမှာ အမယ် တစ်ခါတစ်လေ ကွန်ကရစ်လောင်းတဲ့ထဲတောင် ပျစ်ခနဲထွေးထည့်လိုက်သေးတဲ့ ကွမ်းတံတွေးတွေဟာ နေရာတိုင်းမှာတွေ့နေရတာဆိုရင်ဖြင့် အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့သီချင်းထက်ကိုနေရာစုံပါသေးတယ်။(ဘေးအိမ်တွေထဲထိပါ ကွမ်းသွေးစင်လို့ ပတ်ပတ်လည်အိမ်တွေကိုလိုက်တောင်းပန်ရသေးတယ်🥹)

ကဲ အဲတော့ ဘယ်လိုဖြေရှင်းရမလဲ။ကျွန်မကတော့ siteထဲမှာကွမ်းမစားရဘူးလို့ အကြမ်းနည်းနဲ့ဖြေရှင်းလိုက်တာ siteထဲမှာရှင်းသွားတာပဲ။ကွမ်းသွေးကွက်တွေလားဆိုတော့ 🙂‍↔️
လူတွေ🥹
ဟုတ်ကဲ့ စိတ်ကောက်ပြီးပြန်ကုန်ကြတာပါတဲ့ရှင်။

သိတဲ့အတိုင်းပဲ လုပ်ငန်းခွင်ထဲအရက်သောက်လာတဲ့လူကိုသာစည်းကမ်းနဲ့ပြတ်ပြတ်သားသားကိုင်တွယ်လို့ရပေမယ့် ဒါကျလဲအခက်သားလား။

အိမ်ရှင်လာရင်လဲမျက်နှာမလှ၊ကိုယ်တိုင်လဲဒါတွေကျော်ရခွရမမြင်ချင်၊ပြောရရင် ကိုယ်တောင်ထွေးထုတ်လိုက်တဲ့အရာကို သူများကဘယ်သန့်ရှင်းရေးလုပ်ချင်ပါမလဲ။

လုပ်တဲ့သူရှင်းခိုင်းဆိုတော့အဲ့ကွမ်းတံတွေးဘယ်သူထွေးလဲဆို မဟော်သဓာတောင်ခေါင်းကိုက်သွားမယ့်ပြဿနာဖြေရှင်းခန်းဖြစ်သွားမှာပေါ့။

အထူးသဖြင့် structure ပိုင်းဆိုတာလဲ schedule ပြဿနာ၊ ရာသီဥတုပြဿနာကလဲရှိတော့ လုပ်ငန်းကရပ်လို့မရဘူး။လေဘာကိုအပျော့ဆွဲ အမာဆွဲနည်းမျိုးစုံနဲ့ဆွဲထားရတဲ့အချိန်ဆိုတော့လဲ ကျွန်မတို့လုပ်နိုင်တာက စည်းကမ်းရှိရှိနဲ့ညှိနှိုင်းဆောင်ရွက်ရတာပေါ့။

ကွမ်းထွေးဖို့နေရာစနစ်တကျနဲ့များများစားစားထားရှိပေးရတယ်။မလွယ်တဲ့နေရာမှာဆို ရေသန့်ဘူးထဲထွေးပြီးပြန်သိမ်းဖို့ပြောရတယ်။အဲ့ကြားထဲက စည်းကမ်းမဲ့တာထပ်တွေ့ရင် ဒဏ်ရိုက်တာမျိုး၊ အရှင်မပေါ်ရင် စားတဲ့အဖွဲ့တွေအကုန်ဒဏ်ကြေးပေးရမယ်ဆိုပြီး မှတ်ချက်ရေးလက်မှတ်ထိုးခိုင်းထားရပါတယ်။ အဲတာမှလဲ ကိုယ်လိုက်ကြည့်စရာမလိုဘဲ သူ့တို့ဘာသာစည်းကမ်းမရှိတဲ့သူကိုဖမ်းကြတာ။သူတို့ပိုက်ဆံလေးကျဒဏ်ကြေးပေးရမှာစိုးလို့ သိတတ်တယ်😌

ကွမ်းစားခြင်းဆိုတာထက် လူတွေရဲ့ စွဲလန်းမှုတစ်ခုလိုဖြစ်နေတော့လဲ မပြောတတ်ပါဘူးလေ။အင်ယာတွေတောင်စားနေမှတော့🌚 (အင်ပရက်ရှင်ဒေါင်းတယ်နော် ဘရားသားတို့)
အင်ယာလို့ပြောလိုက်တာနဲ့အဆင်လေးတွေပဲဖြစ်စေချင်တာ🤭

Interior decoration ပိုင်းရောက်လာပြီဆိုရင်တော့ ပြတ်ပြတ်သားသားပါပဲ။လုံးဝကိုခွင့်မပြုသင့်တော့ပါ။ဘာလို့ဆို ဘယ်လောက်ထိန်းထိန်းလူဆိုတာခန့်မှန်းရခက်တဲ့အမျိုးမလား။Site ဆိုတာ ကိုယ့်အလုပ်လုပ်တဲ့နေရာတင်မဟုတ်ဘူး။နောက်ဆုံးမှာ အိမ်ရှင်တစ်ယောက်က သူ့အိမ်၊ သူ့အဆောက်အဦးကို ပြန်လာကြည့်တဲ့နေရာလည်း ဖြစ်တယ်။ကွမ်းတံတွေးလေးတစ်ချက်ကနေ စပြီးအလုပ်တစ်ခုလုံးရဲ့ Image ထိ ထိခိုက်သွားနိုင်တယ်။

အနှစ်ချုပ်ပြောရရင် လူဆိုတာ လူလူချင်းပဲRespect ပေးရတာမဟုတ်ပါဘူး။ကိုယ်အလုပ်လုပ်နေတဲ့ နေရာကိုလည်း Respect ပေးရပါတယ်။အဲတာကြောင့် လုပ်ငန်းခွင်ဟာ လုပ်ငန်းသုံးပစ္စည်းနဲ့ရှုပ်နေတာမပြောလိုပေမယ့် အမှိုက်ရှုပ်နေတာဆိုရင်တော့ ကိုယ့်လိုအပ်ချက်ပဲဖြစ်ပါတယ်။

ကဲမင်းတို့ Site မှာရော…

ကွမ်းတံတွေးပြဿနာက ဘယ်လောက်ထိ ဆိုးလဲ? 😅

— A Civil Engineer’s Journal
Real stories. Honest lessons. One engineer’s journey.



10/09/2026

Knowledge sharing or experience sharing?



မသိတာ ရှက်စရာမဟုတ်ဘူး။ဟုတ်ပါတယ်။မကြုံဖူးလို့မသိတာက ရှက်စရာမဟုတ်ပါဘူး။တစ်ခါတစ်လေ ဘယ်လောက်ပဲလေ့လာသင်ယူထားပါစေ သူ့အရပ်နဲ့သူ...
09/09/2026

မသိတာ ရှက်စရာမဟုတ်ဘူး။

ဟုတ်ပါတယ်။မကြုံဖူးလို့မသိတာက ရှက်စရာမဟုတ်ပါဘူး။တစ်ခါတစ်လေ ဘယ်လောက်ပဲလေ့လာသင်ယူထားပါစေ သူ့အရပ်နဲ့သူ့ဇာတ်ဆိုတာကရှိပြီးသားပါ။

တကယ်တော့ Site ထဲစဝင်တဲ့အချိန်မှာမသိတာတွေ အများကြီးပဲ။သိသလိုနဲ့ ဟန်လုပ်နေရတာကသာတစ်ခါတလေ ပိုဒုက္ခရောက်စေတာ။ 😅

ပြောရမယ်ဆိုရင်တော့ Site Engineer ဖြစ်လာမှတော့ Site Clearing ကနေစပြီး footing, short column ဘာညာကတော့ သူသူကိုယ်ကိုယ်လေ့လာထားကြတာပဲပေါ့။ငါကွ အင်ဂျင်နီယာ လာထားဆိုပြီး ဒုန်းဒိုင်းနဲ့ Siteထဲသွားချလိုက်တာ site clearing ထိကအဆင်ပြေသေးတယ်။ဂွတ်🤨

အမှန်တော့ အခန့်မသင့်ရင် site clearing ကနေစပြီးဘယ်လောက်ဒုက္ခရောက်ရတယ်ဆိုတာသက်သက်ပြောပြချင်သေးတယ်။Siteထဲမှာ အရေးကြီးဆုံးကဘာလို့ Safety First ဖြစ်နေရသလဲဆိုတာပေါ့။(ဤကားစကားချပ်)😅😅

ကဲ site clearing ပြီးတော့ ပတ်တန်းရိုက်မယ်တဲ့။

“ဟမ် ဘာကြီး ရိုက်မှာ” ဆိုပြီးဝူးရှူးဝါးတွေဖြစ်ကုန်တာ။အဲတာကြီးကျောင်းမှာမသင်ခဲ့ရဘူးပေါ့။

လက်သမားဆရာက ပတ်တန်းက ငါးပေခွါမှာလား ဆယ်ပေခွါမှာလား လဲလာမေးရော စပြီးတိုင်ပတ်တော့တာပဲ။အဲလို🌚

အဲကျလဲ ဟန်ကိုယ့်ဖို့နဲ့ “နေဦး ဆရာလာကြည့်ဦးမှာ အကုန်ရှင်းပြီးပြီဆိုခေါ်ပြလိုက်ဦးမယ်” ဘာညာနဲ့ရွှီးရတော့တာပဲ။

လေဘာတွေနဲ့ကျလဲ အင်ပရက်ရှင်ကဒေါင်းသွားလို့မဖြစ်ပေဘူးကိုး။

အမှန်တော့ အသစ်မို့လို့ပဲ siteရှင်းတာကအစထိုင်ကြည့်ခိုင်းထားလို့ အအေးလေးတစ်ဘူးဘေးချပြီးကြည့်နေရတာလေ ဘာမှမှမသိတာကို။

ခုလို နဖူးတွေ့ ဒူးတွေ့တွေကြုံရမှာပဲ ကိုယ့်စီနီယာဆရာသမားတွေကို တိုးတိုးတစ်ဖုံ ကျယ်ကျယ်တစ်ဖုံနဲ့ မှတ်စုတစ်အုပ်ခါးကြားထိုးပြီးလိုက်မေးရတော့တာပဲ။ခုခေတ်လို ဖုန်းလေးတောက်တောက်ခေါက်လိုက်တာနဲ့အကုန်သိရတဲ့ခေတ်မှမဟုတ်တာက်ိုး။

အဲတာကြောင့် အချုပ်ဆိုရရင် မသိတာကို မေးတာက ရှက်စရာမဟုတ်ပါဘူး။ဒါပေမယ့် မသိတာကို မသိသလိုနေရင်း မလေ့လာတာကတော့ရှက်စရာဖြစ်သွားပြီပဲဆိုပါစို့။

ဒီနေ့မသိတာတစ်ခုကို မေးလိုက်တာက
မနက်ဖြန်မှာ ကိုယ့်ရဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာတာပေါ့။အတွေ့အကြုံတွေဘယ်လောက်များများ သင်ယူစရာတွေမကုန်နိုင်တာကတော့ Site Engineer Life ပဲဖြစ်တာမို့ မင်းလဲကံကောင်းပါစေ😜😜

Ask. Learn. Grow ဆိုတာကတော့ Engineer တစ်ယောက်ရဲ့ လမ်းကြောင်းပါပဲ။

— A Civil Engineer’s Journal
Real stories. Honest lessons. One engineer’s journey.

’sJournal


Site ထဲမှာ ကိုယ့်ကို ငိုအောင် ဘယ်သူအရင်လုပ်တာလဲ? Labour လား? Senior လား?  ဒီမေးခွန်းကိုမြင်ရင် ရယ်ချင်သလိုလိုဖြစ်မိပေမယ်...
08/09/2026

Site ထဲမှာ ကိုယ့်ကို ငိုအောင် ဘယ်သူအရင်လုပ်တာလဲ?

Labour လား? Senior လား?

ဒီမေးခွန်းကိုမြင်ရင် ရယ်ချင်သလိုလိုဖြစ်မိပေမယ့် တကယ်တမ်းလဲ အင်ဂျင်နီယာတိုင်း Site ထဲမှာအနည်းဆုံးတစ်ခါတော့ငိုဖူးကြတာပဲ။မလိမ်နဲ့နော်။ဟုတ်တယ်မလား။ယောက်ျားလေးဆိုရင်လဲမငိုရင်တောင် စိတ်တော့အတော်ညစ်မှာပဲ😅

Civil Engineer ဘဝရဲ့ ပထမဆုံးအချိန်တွေမှာ
Site ထဲဆင်းရတာက ဘယ်ကစပြီးဘာလုပ်ရမှန်းမသိဖြစ်တတ်တော့လဲ ခိုင်းတာပဲလုပ်လိုက်တာပေါ့လို့မှတ်လိုက်တော့တာပဲ။

အဲလိုခိုင်းတာပဲလုပ်ပါမယ်ဆိုမှပဲ ကိုယ့်ကိုစီနီယာကခိုင်းလိုက်တာက လေဘာကိုပြန်ခိုင်းရတာဖြစ်နေတော့ အင်းးးတွေ့ကြပြီပေါ့။

မနက် Site ရောက်တာနဲ့
Labour ကို အလုပ်ခိုင်းမယ်ဆိုပြီး

“ဦးလေး ဒီဟာလေး အရင်လုပ်ပေးပါနော်…”

ဆိုပြီး ပြုံးတာလိုလို မပြုံးတာလိုလိုမျက်နှာလေးနဲ့ပြောလိုက်တယ်။

Labour ကလည်း ကိုယ့်ကိုကြည့်ပြီး လာပြန်ပြီမနူးမနပ်လေးတွေပေါ့။ကြားတာလိုလိုမကြားတာလိုလိုနဲ့ 🙄

တစ်အောင့်ကြာလို့သွားကြည့်တယ်။
“မလုပ်သေးဘူး…”
ခုပဲလုပ်မှာလိုလို ခဏနေပဲလုပ်မှာလိုလို။ကိုယ်ကလဲအခြေအနေကြည့် တစ်ခါကနေ နှစ်ခါကလဲမပြောချင်🙂

အဲလိုဘာမှန်းမသိတဲ့အခြေအနေကြီးမှာလာပါပြီ စီနီယာကတစ်မျိုး
“ဒီဟာကို ဘာလို့ မလုပ်သေးတာလဲ?”

ဟင် ဘယ်သိမလဲသူတို့ကိစ္စတွေ ခုမှsiteထဲရောက်တာကို။မျက်နှာငယ်လေးနဲ့ဖြေရတာပေါ့

“Labour မလုပ်သေးလို့ပါ…”။

“ခုနကမင်းကိုပြောခိုင်းလိုက်တာမပြောရသေးဘူးလား။မင်းက ဘာလုပ်နေတာလဲ?”

🙂🙂🙂🥹🥹🥹
တစ်ခါတစ်လေသူတို့ရဲ့ဘယ်ဘဝကမှန်းမသိတဲ့အငြှိုးတွေကြားကလဲညပ်သေးတယ်။အဲလိုနဲ့ပဲLabour ကတစ်မျိုး၊ Senior ကတစ်မျိုးနဲ့
ဘယ်သူက ကိုယ့်ကို အရင်ငိုအောင်လုပ်ခဲ့လဲ မသိတော့ပါဘူး။ 😂

ဒါပေမယ့် အဲဒီအချိန်တွေကပဲJunior Engineer တစ်ယောက်အနေနဲ့ လူတွေကို ဘယ်လိုပြောရမလဲ၊ ဘယ်လိုအလုပ်ခိုင်းရမလဲ၊ ဘယ်အချိန်မှာ တင်းရမလဲ၊ ဘယ်အချိန်မှာ ညှိနှိုင်းရမလဲ ဆိုတာတွေ စပြီးသင်ယူလာရတဲ့အချိန်ပါ။ကျောင်းမှာမသင်ခဲ့တဲ့သင်ခန်းစာအသစ်တွေပေါ့။

ဒီအတွေ့အကြုံတွေကပဲJunior Engineer တိုင်း တစ်နည်းနည်းနဲ့ ဖြတ်ကျော်ရင်းနဲ့မှအလုပ်ကို နားလည်အောင်ရှင်းပြနိုင်တာ၊Respect နဲ့ပြောနိုင်တာ၊ကိုယ်တိုင်လည်း အလုပ်အကြောင်းသိပြီး
လိုအပ်တဲ့အချိန်မှာ တာဝန်ယူနိုင်လာတဲ့အင်ဂျင်နီယာကောင်းတွေဖြစ်လာစေတာပါပဲ။

ဒါနဲ့… မင်းတို့ Site မှာရော
ကိုယ့်ကို အရင်ငိုအောင်လုပ်တာ
Labour လား? Senior လား? 😂

A Civil Engineer’s Journal
Real stories. Honest lessons. One engineer’s journey.
’sJourney



#

08/09/2026

Just do it.
’sJournal

Choose a career path based on what you enjoy, what you’re good at, what the industry needs, and where you can grow. ’sJo...
07/09/2026

Choose a career path based on
what you enjoy,
what you’re good at,
what the industry needs, and
where you can grow.

’sJournal


Civil Engineering Career တွေ အများကြီးထဲက ကိုယ်နဲ့လိုက်ဖက်တဲ့လမ်းကြောင်းကို ဘယ်လိုရွေးမလဲ?Civil Engineerတစ်ယောက်အဖြစ်ကို...
07/09/2026

Civil Engineering Career တွေ အများကြီးထဲက ကိုယ်နဲ့လိုက်ဖက်တဲ့လမ်းကြောင်းကို ဘယ်လိုရွေးမလဲ?

Civil Engineerတစ်ယောက်အဖြစ်ကိုယ့်ကိုယ်ကိုစပြီးသတ်မှတ်ပြီးပြီဆိုရင် လမ်းကြောင်းတွေအများကြီးထဲကမှ ဘာကိုရွေးရမလဲ ဘယ်အလုပ်ဟာကိုယ်နဲ့ကိုက်ညီမလဲဆိုတာ သေချာစဉ်းစားသင့်တဲ့အရာဖြစ်ပါတယ်။တိတိကျကျလမ်းကြောင်းကို Junior Engineer ဘဝမှာကတည်းကရှာမတွေ့ဘူးဆိုရင် ဝေဝေဝါးဝါးနဲ့အချိန်တွေကုန်ဆုံးသွားမှ Career changes ထပ်လုပ်ရတာမျိုးကိုဘယ်သူမှလိုချင်မယ်မထင်ဘူး။အဲတော့ဘွဲ့ရပြီဆိုကတည်းက
“Site Engineer ပဲလုပ်ရမလား?”
“QS သွားရမလား?”
“Structure Design ဘက်ပဲလိုက်ရမလား?”
“Planning ကောင်းမလား?”
“BIM သွားရင်ကောင်းမလား?”
ဆိုပြီး ဟိုဟာရွေးရမလို ဒီဟာရွေးရမလိုလိုဖြစ်ကြတာတော့ထုံးစံပါပဲ။ဘာလို့ဆို ကျောင်းဆင်းခါစ Junior တစ်ယောက်ဟာ ဒီများပြားလှတဲ့ Career လမ်းကြောင်းတွေရဲ့သဘောသဘာဝကဘယ်လိုလဲဆိုတာတောင်သိဖို့မလွယ်ကူပါဘူး။ကျွန်မတို့ကျောင်းဆင်းခါစတုန်းကတောင်မှ Planning Engineer,BIM Modeler နဲ့ Project Coordinator ဆိုတဲ့လမ်းကြောင်းတွေဟာ ဒီနိုင်ငံ ဒီပတ်ဝန်းကျင်မှာဘာမှန်းတောင်မသိခဲ့တာအမှန်ပါပဲ။အင်ဂျင်နီယာဆိုရင် စာရွက်လိပ်လေးSiteထဲမှာဖြန့်ကြည့်ပြီးအဆောက်အဦးပုံစံပေါ်လာအောင် တည်ဆောက်ရတဲ့သူလို့ပဲထင်ပြီးအင်ဂျင်နီယာဖြစ်ချင်လာကြတာပါပဲ။နောက်မှဘယ်လောက်တောင် တက်တက်စင်လွဲသလဲဆိုတာက တစ်ကဏ္ဍ။နဖူးတွေ့ဒူးတွေ့မှပဲ Civil Engineering ဆိုတာ Site Engineer တစ်ခုတည်းမဟုတ်ပါလားဆိုပြီးတွေ့ရတော့တာပဲ။
ကဲလိုရင်းပြန်သွားရရင် Site Engineer, QS, Planning Engineer, Design Engineer, BIM Engineer, Project Coordinator, Project Manager, Contracts/Commercial ,Teaching ပိုင်းအပါပေါ့နော် စတဲ့ လမ်းကြောင်းတွေ အများကြီးရှိပါတဲ့ထဲကမှကိုယ်နဲ့ ဘယ်လမ်းကြောင်းက အကိုက်ညီဆုံးလဲဆိုတာသိဖို့ကိုယ့်ကိုယ်ကို ဒီမေးခွန်းလေးတွေ မေးကြည့်ပါ။

၁။“ဘယ်လိုအလုပ်မျိုးလုပ်ရတာကို ငါသဘောကျလဲ?”

Site ထဲမှာ လှုပ်ရှားပြီး လူအများနဲ့ပြောဆိုဆက်ဆံရတာကိုစိတ်အနှောက်အယှက်ဖြစ်စရာလို့မထင်တဲ့သူလား။လူတန်းစားပေါင်းစုံနဲ့ပြောဆိုဆက်ဆံရတာဝန်လေးတဲ့သူမျိုးလား။တွက်ရချက်ရ Analysis လုပ်ရတာပဲအဆင်ပြေတာလား။ရင်ခုန်စိတ်လှုပ်ရှားရတာကြိုက်လား စတဲ့ကိုယ့်ရဲ့ type အပေါ်မူတည်ပြီးရွေးချယ်ရတာမျိုးလဲရှိနိုင်ပါတယ်။

၂။“ကိုယ့်ရဲ့ အားသာချက် / အားနည်းချက် တွေကဘာတွေဖြစ်မလဲ?။

လူဆိုတာကိုယ့်ကိုယ့်က်ိုအသိဆုံးပါဆိုတဲ့အတိုင်း ဘယ်လိုနေရာမျိုးဆိုရင်တော့ ယုံကြည်ချက်အပြည့်ရှိတယ် ဘယ်နေရာမှာတော့နည်းနည်းချိတုန်ချတုန်ဖြစ်နေတယ်ဆိုတာ ကိုယ့်ဘာသာလိမ်လို့မရပါဘူး။ဒါပေမယ့် အခက်အခဲဆိုတာလဲကျော်ဖြတ်နိုင်ရင်ပိုပြီးသန်မာစေတာမို့ တစ်ခါတစ်လေတော့လဲ သိပ်တွေဝေမနေနဲ့ ချသာချ။

၃။”ငါ့ရဲ့ Future Lifestyle က ဘယ်လိုမျိုးဖြစ်ချင်လဲ?”

ဒါလည်း မမေ့သင့်ပါဘူး။ဒါပေမယ့် လူဆိုတာတော့ ငယ်ရွယ်တုန်းမှာဒုက္ခပိုခံနိုင်ကြတာပဲမလား။ငယ်တုန်း အချိန်ရှိတုန်းမှာတော့ အတွေ့အကြုံ သင်ခန်းစာတွေကိုသာလှိမ့်ပိမ့်ယူပြီး အနေအထားတစ်ခုရောက်ရင် အေးဆေးတည်ငြိမ်မယ့် Careerတစ်ခုကိုအထိုင်ချသင့်တယ်လို့မြင်မိပါတယ်။ကျွန်မကတော့ဖုန်တလုံးလုံးနဲ့ Siteထဲကဘဝကိုပဲအချိန်အများကြီးပျော်ခဲ့ပါတယ်။ဒါကြောင့်လဲပြောပြစရာတွေအများကြီးရှိနေတာပေါ့။

⸻

၄။Salary တစ်ခုတည်းနဲ့ Career မရွေးပါနဲ့။

ကျောင်းပြီးတာနဲ့တန်းပြီးချမ်းသာချင်လို့တော့မရပါဘူး။အမှန်တိုင်းပြောရရင် ချမ်းသာချင်ရင်အစကတည်းကအင်ဂျင်နီယာမလုပ်ပါနဲ့။စီးပွါးရေးသမားကစီးပွါးရေးသမားသက်သက် အင်ဂျင်နီယာကအင်ဂျင်နီယာသက်သက်ဖြစ်ပါတယ်။လက်ရှိမှာ ဘယ်အလုပ်က Salary ပိုကောင်းလို့ဆိုပြီး လစာ / ဝင်ငွေလမ်းကြောင်းတစ်ခုကိုပဲကြည့်ပြီးလုံးဝလုံးဝမဆုံးဖြတ်လိုက်ပါနဲ့။ ကိုယ့်ပညာရပ်မှာကိုယ် Professional ဖြစ်သွားတဲ့အခါ ငွေရှာဖို့လမ်းကြောင်းတွေပေါ်လာပါလိမ့်မယ်။
အထက်ပါအခြေအနေတွေကိုသေချာစဉ်းစားဆုံးဖြတ်ပြီးရွေးချယ်ပြီးရင် နောက်ဆုံးအနေနဲ့အဖြေတိုက်ကြည့်ရမှာကတော့

ကိုယ်ကဒီ Career ကို 5–10 နှစ်ဆက်လုပ်ရင် ငါဘယ်နေရာရောက်နိုင်မလဲ?”

ဒီဟာကတော့အရေးကြီးဆုံးမေးခွန်းပဲဖြစ်ပါတယ်။ကိုယ်သွားချင်တဲ့လမ်းကြောင်းမှာ Career Ladder ရှိလားဆိုတာကြည့်ပါ။

ကဲနောက်ဆုံးဘာမှမသိတော့ဘူးလား။စဉ်းစားမနေပါနဲ့ အရင်ဆုံး Site Engineer သာဝင်လုပ်ကြည့်လိုက်ပါ။လက်တွေ့လောက်တော့ကိုယ့်ကိုဘယ်သူမှသင်ပြမပေးနိုင်ပါဘူး။Site Engineer ရဲ့ဒုက္ခ သုက္ခတွေကိုသိသွားရင် သွားချင်တဲ့လမ်းကြောင်းပေါ်လာပါလိမ့်မယ်။ဒဏ်ခံနိုင်တဲ့သူတွေဆက်ပြီးကျန်ရစ်ကြပေါ့😅😅

အချိန်အတိုင်းအတာတစ်ခုထိ ရွေးနေဆဲဆိုတဲ့သူတွေကိုပြောချင်တာကတော့Career ရွေးတာကို တစ်ခါတည်း မှန်မှန်ကန်ကန်ရွေးဖို့ မလိုပါဘူး။လူရွေးတောင်မှားကြသေးတာပဲနော်။ဟုတ်ဘူးလား။

အနှစ်ချုပ်ရရင်တော့Career ဆိုတာ အလုပ်တစ်ခုကို ရွေးနေတာမဟုတ်ဘဲ ကိုယ်သွားချင်တဲ့ဘဝကို ရွေးတာဖြစ်လို့ မှန်မှန်ကန်ကန်ရွေးချယ်ဆုံးဖြတ်နိုင်ကြပါစေ။

’sJournal



07/09/2026

Sharing is caring.


Site ထဲမဆင်းခင် Junior Engineer တစ်ယောက် အနေနဲ့ပထမဆုံးပြင်ဆင်သင့်တဲ့အရာကဘာဖြစ်မယ်ထင်လဲ?ဒီနေ့ ကျောင်းပြီးလို့မနက်ဖြန်ဆို ...
06/09/2026

Site ထဲမဆင်းခင် Junior Engineer တစ်ယောက် အနေနဲ့ပထမဆုံးပြင်ဆင်သင့်တဲ့အရာကဘာဖြစ်မယ်ထင်လဲ?

ဒီနေ့ ကျောင်းပြီးလို့
မနက်ဖြန်ဆို Site ထဲဆင်းရတော့မယ့် Engineer လေးတွေရှိလား?

Junior တစ်ယောက်အနေနဲ့ Siteထဲမှာကြုံတွေ့ရမယ့်အခြေအနေတွေက်ိုတွေးပြီးစိတ်လှုပ်ရှားကြမှာပဲ။ပြင်ဆင်စရာရှိတာတွေလဲပြင်ကြဆင်ကြမယ်။ဥပမာ-Drawing ဖတ်နည်းတွေ၊ AutoCAD တွေ၊ Technical knowledge တွေကိုတော့ အများကြီးပြင်ဆင်ထားကြမှာပါ။

ဒါပေမယ့် ကျွန်မအနေနဲ့ ပြောချင်တာကSite ထဲမဆင်းခင် ပထမဆုံးပြင်ဆင်ထားသင့်တာမှာအဓိကက Knowledge မဟုတ်ဘူး။ကျောင်းကသင်ပေးလိုက်တဲ့အရာတွေဆိုတာလဲအသားကျသွားမှအသုံးချရတာမျိုးပါ။ အဲတာတွေမတိုင်ခင် ပြင်ကိုပြင်ဆင်ရမယ့်အရာတစ်ခုရှိပါတယ်။အဲတာကတော့ Mindset ပါပဲ။ဘာ Mindset လဲလို့ပြောရင်တော့ Engineer တစ်ယောက်မှာရှိကိုရှိရမယ့် Mindset ဖြစ်ပါတယ်။Engineer တိုင်းဟာ Engineer ဖြစ်လာရတဲ့ရည်ရွယ်ချက်ချင်းမတူကြပေမယ့် Engineer ရယ်လို့ဘွဲ့ရလာပြီဆိုရင် ကျောင်းတုန်းကရခဲ့တဲ့ဆုတွေကိုဘေးချပြီး အရာအားလုံးအစကနေသင်ယူကြရတာပါပဲ။Junior လေးတွေSite ထဲရောက်တဲ့အခါ ကျွန်မအမြဲပထမဦးဆုံးသင်ပေးတာကတော့ ဘယ်လို material တွေနဲ့အိမ်ဆောက်ရတာလဲဆိုတာထက် ဘယ်လိုစိတ်နဲ့အိမ်တစ်လုံးကိုပုံဖော်ရတာလဲဆိုတာကိုမျှဝေပေးပါတယ်။

အိပ်မက်တွေပွေ့ပိုက်ပြီးSiteထဲရောက်လာတဲ့ကလေးတွေကို ကျွန်မတို့တည်ဆောက်ပေးနေရတာဟာ တခြားသူတွေတစ်ဘဝလုံးမက်ခဲ့တဲ့အိပ်မက်တွေဖြစ်တယ်ဆိုတာ သိမြင်အောင်ပြပေးချင်တယ်။

ကျွန်မတို့ဆောက်နေတဲ့ အိမ်တစ်လုံး၊ Building တစ်ခုကကျွန်မတို့အတွက် Project တစ်ခုဖြစ်ပေမယ့်တစ်ခြားသူတစ်ယောက်အတွက်တော့ တစ်ဘဝလုံး မက်ခဲ့ရတဲ့အိပ်မက် ဖြစ်နေနိုင်တယ်။မိသားစုတစ်ခုတဖြည်းဖြည်းချင်းကြိုးစားရုန်းကန်ပေးဆပ်ပြီးဖြစ်တည်လာတဲ့ အသိုက်အမြုံလေးတစ်ခုဖြစ်နေနိုင်ပါတယ်။
ကိုယ်ကတော့“ဒီနေ့ Concrete Pouring ပြီးရင်ပြီးပြီ”
“ဒီ Drawing Issue လေးပဲ”လို့ မြင်နေနိုင်ပေမယ့်အဲဒီ Building ထဲကို ဝင်နေမယ့်သူတွေအတွက်တော့အိမ်ဆိုတာသူ့တို့ဘဝရဲ့ အရေးကြီးဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ဒါကြောင့် Engineer တစ်ယောက်အနေနဲ့ ကိုယ်လုပ်နေတဲ့အလုပ်ကို သေးသေးလေးကအစ ပေါ့ပေါ့တန်တန်မလုပ်စေချင်ဘူး။

ကိုယ့်လက်ထဲရောက်လာတဲ့ Project တိုင်းကို
“ဒါက ငါ့အတွက် အလုပ်တစ်ခု” လို့မမြင်ဘဲ“ဒါက တစ်ယောက်ယောက်ရဲ့ အိပ်မက်”
လို့ မြင်ပြီး အကောင်းဆုံးကြိုးစားတည်ဆောက်ပေးစေချင်တယ်။
ဘာလို့လဲဆိုတော့

We don’t just build buildings.
We build someone’s dream.

Do you agree?

A Civil Engineer’s Journal




Real stories. Honest lessons. One journey.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when A Civil Engineer’s Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share